အခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပထမ ၈ လတာကာလအတွင်း ပြည်ပကို ပြောင်းတန်ချိန် ၁ ဒသမ ၆၉ သန်းတင်ပို့ နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၉၂ သန်း နီးပါးရရှိခဲ့တယ်လို့ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်း ကုန်သည်များ အသင်းရဲ့ အကြံပေးပုဂ္ဂိုလ် ဦးစိုးဝင်းမောင်က ပြောပါတယ်။

ပြောင်းစိုက်ပျိုးမှုရဲ့ ၆၅ ရာခိုင်နှုန်းခန့်ကို ရှမ်းပြည်နယ်နဲ့ ၁၀ ရာခိုင်နှုန်းခန့်ကို ဧရာဝတီတိုင်းဒေသကြီးတွေမှာ စိုက်ပျိုးပြီး မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာလည်း စိုက်ပျိုး နေတာဖြစ်တယ်လို့ သိရပါတယ်။ ပြောင်းကို မေလလောက်မှာ စတင်စိုက်ပျိုးကြပြီး ရိတ်သိမ်းတာကိုတော့ ၃ လခွဲ ၄ လ ဝန်းကျင်လောက်အကြာမှာ ရိတ်သိမ်းကြကာ အခုနှစ်စိုက်ပျိုးတဲ့ ပြောင်းမျိုးစေ့တွေကတော့ အရည်အသွေး သိပ်မကောင်းတာကြောင့် ကွက်ပျောက်သေတာတွေနဲ့ အပင်ကြီးဖြစ်လာမှ သေကုန်တာတွေဖြစ်တယ်လို့ နေပြည်တော်၊ လယ်ဝေးမြို့နယ်က ပြောင်းစိုက်တောင်သူ ဦးညွှန့်ရွှေက ပြောပါတယ်။

မြန်မာနိုင်ငံဟာ နှစ်စဉ် ပြောင်းတန်ချိန် ၃ ဒသမ ၂ သန်းခန့် ထုတ်လုပ်နေတာဖြစ်ပြီး ပြည်ပဈေးကွက်ကို တန်ချိန် ၂ သန်းခန့် တင်ပို့နေကာ ထိုင်းနိုင်ငံကို အဓိကတင်ပို့နေရတယ်လို့ သိရပါတယ်။