ဝါခေါင်လပြည့်မေတ္တာအခါတော်နေ့ ရွှေတိဂုံစေတီရင်ပြင်တော်မှာ ပန်းပေါင်း ၈၄၀၀၀ ပါဝင်တဲ့ ပန်းစေတီလှည့်လည်ကပ်လှူပူဇော်ပွဲ ကျင်းပသွားမှာဖြစ်တယ်လို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
ဝါခေါင်လပြည့်နေ့ဖြစ်တဲ့ ဩဂုတ် ၁၉ ရက်မှာ မေတ္တာအခါတော်နေ့ အခမ်းအနား၊ အသံမစဲမေတ္တာပို့ အောင်ပွဲအခမ်းအနားနဲ့ပန်းစေတီလှည့်လည်ကပ်လှူပူဇော်ပွဲတွေ ကျင်းပသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ ဝါခေါင်လပြည့်နေ့ မနက် ၅ နာရီကစပြီး ရွှေတိဂုံစေတီတော်ဧည့်ခံတန်ဆောင်းမှာ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးနဲ့ ဆွမ်းတော်ကြီးတင်အခမ်းအနား ဆောင်ရွက်မှာဖြစ်ပြီး မနက် ၆ နာရီမှာတော့ အသံမစဲမေတ္တာပို့ အောင်ပွဲအခမ်းအနားနဲ့ မနက် ၇ နာရီမှာတော့ ပန်းပေါင်း ၈၄၀၀၀ ပါဝင်တဲ့ပန်းစေတီငါးဆူ လှည့်လည်ကပ်လှူပူဇော်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။

အဲဒီနောက် မနက် ၉ နာရီခွဲမှာတော့ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်းမှာ သီလခံယူဆောက်တည်တာ၊ ရေစက်သွန်းချအမျှပေးဝေတာနဲ့ နေ့ဆွမ်းဆက်ကပ်တာတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ရွှေတိဂုံစေတီတော်မှာ ဝါဆိုလပြည့်နေ့ကစတင်ကာ သီတင်းကျွတ်လပြည့်နေ့အထိ လပြည့်၊ လကွယ်နဲ့ ကြားရက်ဥပုသ်နေ့တွေမှာလည်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးတွေက ဘုရားဖူးလာပြည်သူတွေကို သီလပေးတရားတွေ ဟောကြားပေးနေတယ်လို့သိရပါတယ်။