မြန်မာ့ရိုးရာသင်္ကြန်ကို ယူနက်စကိုရဲ့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းမှာ ပါဝင်ခွင့်ရအောင် ဆောင်ရွက် ခဲ့တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဒီဇင်ဘာ ၁၀ ရက်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပြန်လည် ရောက်ရှိလာပြီး လာရောက်ကြိုဆိုတဲ့သူ များပြားတာကို တွေ့ရပါတယ်။
မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို ကမ္ဘာ့ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန် မြို့မှာ ဒီဇင်ဘာ ၅ ရက်က ကျင်းပတဲ့ ၁၉ ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံမှာ တရားဝင် ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အသိအမှတ်ပြု လက်မှတ် ရရှိခဲ့တာပါ။ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ဟာ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းမှာ မြန်မာနိုင်ငံအနေနဲ့ ပထမဆုံး ပါဝင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
မြန်မာတစ်နိုင်ငံလုံးရဲ့ပြင်းပြတဲ့ဆန္ဒနဲ့ တောင်းဆုပြုမှုတွေကြောင့် မြန်မာ့သင်္ကြန်ပွဲတော်ဟာ ယူနက်စကိုရဲ့ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းမှာ ပါဝင်ခွင့်ရတာလို့ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက် ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်က One News ကို ပြောပါတယ်။ဆက်လက်ပြီး မြန်မာ့သနပ်ခါးကို ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်စာရင်း သတ်မှတ်နိုင်ရေး ကြိုးပမ်းသွား မယ်လို့ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
မြန်မာ့သင်္ကြန်ပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းမှာ ပါဝင်တဲ့အတွက် ကမ္ဘာက ပိုမိုသိရှိနိုင်တာ၊ မျိုးဆက်သစ် နောင်လာနောက်သားတွေကို လက်ဆင့်ကမ်းအမွေပေးနိုင်တာ၊ အတာသင်္ကြန်ကို ရိုးရာမပျက် ထိန်းသိမ်းကျင်းပနိုင်ရေးအတွက် ပြည်သူလူထုရဲ့ အသိအမြင် ပိုမိုပွင့်လန်းလာစေတာ၊ မြန်မာနိုင်ငံရဲ့ အခြားဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးအတွက် အတွေ့အကြုံ ကောင်းတွေနဲ့ အခွင့်အလမ်းကောင်းတွေ ပိုမိုရရှိလာစေမှာ ဖြစ်တယ်လို့ သိရပါတယ်။