မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်နိုင်ရေးအတွက် ပြန်လည် ဆောင်ရွက်နေတယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနကနေ သိရပါတယ်။

မြန်မာ့သင်္ကြန် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းမှာ ပါဝင်ခဲ့ပြီးနောက် မြန်မာ့သနပ်ခါးကို ယူနက်စကို စာရင်းဝင်နိုင်ရေးအတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက အခုနှစ် မတ်လ ၃၁ ရက် မတိုင်မီ ပြန်လည်တင်သွင်းနိုင်ဖို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ ယူနက်စကို ဝင်ဖို့အတွက် တိုင်းရင်းသား အသီးသီးရဲ့ သဘောထားရရှိရေး အ တွက် ဆောင်ရွက်နေတယ်လို့လည်း မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်က ပြောပါတယ်၊၊

မြန်မာ့သနပ်ခါးကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ရေးအတွက် ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်က တင်သွင်းခဲ့ပြီး အချက်အလက်ပိုင်းမှာ လိုအပ်ချက်တွေ ရှိတာကြောင့် ယူနက်စကိုရဲ့ ညွှန်ကြားချက် အတိုင်း ပြန်လည်ရေးသားပြီး အချိန်မီ တင်သွင်းသွားမှာ ဖြစ်တယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၅ ရက်က ပါရာဂွေးနိုင်ငံ အာဆွန်စီယွန်မြို့မှာ ကျင်းပတဲ့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။