ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့မှာ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့အထိမ်းအမှတ်အခမ်းအနားကို စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်တယ်လို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က သိရပါတယ်။တောင်သူလယ်သမားနေ့ကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကဦးဆောင်ပြီး ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် ကျိုက်ပညာယျ စေတီတော်မြတ်အနီးမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

ပွဲတော်ရက်တွေအတွင်း ခရိုင်အလိုက် သစ်သီးဝလံပန်းမန်ပြခန်းတွေ၊ လယ်ယာသုံးစက်ကိရိယာအရောင်းပြခန်းတွေ ပြသသွားမှာဖြစ်ပါတယ်။ပဲခူးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ တောင်သူလယ်သမားတွေ တစ်စုတစ်စည်းတည်း တွေ့ဆုံကြပြီး အသိအမြင် တွေဖလှယ်နိုင်ဖို့ ရည်ရွယ်ကျင်းပမှာဖြစ်တယ်လို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက ဖြေကြားထားပါတယ်။

ဒါ့အပြင် သီးနှံစိုက်ပျိုးထုတ်လုပ်မှုထူးချွန်တဲ့မြို့နယ်၊ ခရိုင်နဲ့ ထူးချွန်တောင်သူတွေကို ဆုတွေပေးအပ်ချီးမြှင့် သွားမှာဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးက ကုန်ကြမ်းတွေကို အခြေခံပြီးထုတ်လုပ်ထားတဲ့ ထုတ်ကုန်တွေပါဝင်မယ့် ဈေးရောင်းပွဲတော်ကိုလည်း ဆိုင်ခန်းပေါင်း(၁၀၀)ကျော်နဲ့ ခင်းကျင်းရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ပဲခူးမြို့မှာ တောင်သူလယ်သမားအခမ်းအနားကို မတ်လ(၁)ရက်ကစတင်ပြီး (၂)ရက်တိုင်တိုင် ပျော်ပွဲရွှင်ပွဲတွေ၊ တင်မောင်ဆန်းမင်းဝင်းဦးဆောင်တဲ့ မန်းအလင်္ကာဆန်းဇာတ်သဘင်တွေနဲ့ အခမဲ့တင်ဆက်ပေးတာတွေလည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။