ရန်ကုန်ဘွဲ့နှင်းသဘင်ခန်းမနဲ့ ဗိုလ်ချုပ်ပြတိုက် အပါအဝင် တိုင်း နဲ့ ပြည်နယ် ၇ ခုက နှစ်ပေါင်း ၁၀၀ နဲ့အထက် ရှိတဲ့ အဆောက်အအုံ ၄၀ ကို ရှေးဟောင်းအဆောက်အအုံတွေအဖြစ် သတ်မှတ်လိုက်တယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက သိရပါတယ်။

ရှေးဟောင်းအဆောက်အအုံတွေအဖြစ် သတ်မှတ်ခဲ့တဲ့ စာရင်းထဲမှာတော့ ရန်ကုန်တိုင်းဒေသကြီးက ၁၅ ခု၊ ပဲခူးတိုင်းဒေသကြီးက ၆ ခု၊ မန္တလေးတိုင်းဒေသကြီးက ၅ ခု၊ ဧရာဝတီတိုင်း ဒေသကြီးက ၂ ခု၊ မကွေးတိုင်းဒေသကြီးက ၂ ခု၊ မွန်ပြည်နယ်က ၉ ခုနဲ့ ရှမ်းပြည်နယ်က ၁ ခု ပါဝင်ပါတယ်။အဲဒီ ရှေးဟောင်းအဆောက်အအုံတွေထဲမှာ ရန်ကုန်ဘွဲ့နှင်းသဘင်ခန်းမ၊ ဗိုလ်ချုပ်ပြတိုက်၊ ကမ္ဘောဇရိပ်သာ ချင်းချောင်းနန်းတော်၊ အထက(၄)ပုဇွန်တောင် ၊ အထက(၂) ဗိုလ်တထောင်နဲ့ ရေနံချောင်းတက္ကသိုလ် ပင်မဆောင် စတဲ့ အဆောက်အအုံတွေ ပါဝင်တယ်လို့လည်း သိရပါတယ်။

ရှေးဟောင်းအဆောက်အအုံတွေ သတ်မှတ်ပြီးနောက် ရေရှည်တည်တံ့ခိုင်မြဲစေဖို့ စုပေါင်း စောင့်ကြည့် ထိန်းသိမ်းတဲ့စနစ်နဲ့ ပြုလုပ်နေတယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညိုမြင့်ထွန်းက ပြောပါတယ်။

နှစ်ပေါင်း ၁၀၀ နဲ့အထက်ရှိတဲ့ အဆောက်အအုံတွေကို ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်ရာမှာ ယဉ်ကျေးမှုသမိုင်းတန်ဖိုး၊ အနုပညာနှင့် ဗိသုကာလက်ရာကျန်ရှိမှု စတဲ့ အချက်တွေနဲ့ကိုက်ညီတဲ့ တက္ကသိုလ်တွေ အခြေခံပညာအထက်တန်းကျောင်းတွေရှိ အဆောင်တွေနဲ့ ရုံးတွေကို ရှေးဟောင်းအဆောက်အအုံများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၃၄ ၊ ပုဒ်မခွဲ(ခ)အရ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။