ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ကျောက်တိုင်မှတ်တိုင်အနီး၊ ဧရာဝဏ်လမ်းမကြီးပေါ်မှာ ဇွန်လ ၁၉ ရက် မနက် ၁၀ နာရီခွဲကျော်လောက်က ယာဉ်တိုက်မှုဖြစ်ပြီး ပလုံကောက်တဲ့အမျိုးသမီးတစ်ယောက် သေဆုံးကာ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ဒဏ်ရာရသွားတယ်လို့ ပေးဆပ်သူတို့နှလုံးသား ပရဟိတအသင်း ကနေ သိရပါတယ်။
ဖြစ်စဉ်ကတော့ ဧရာဝဏ်လမ်းမကြီးအတိုင်း လိုက်ထရပ်ယာဉ်နဲ့ မြေသယ်ယာဉ်တစ်စီးတို့အပြိုင်မောင်းနှင်လာချိန် လိုက်ထရပ်ယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ မြေသယ်ယာဉ်ရဲ့ရှေ့ပိုင်းကို ဝင်တိုက်မိပြီး လမ်းဘေးမှာရပ်ထားတဲ့ ကွမ်းရောင်းတဲ့ကားနဲ့ တွန်းလှည်းတွန်းလာတဲ့ ပလုံကောက်တဲ့ အမျိုးသမီးကိုပါ ဆက်လက်တိုက်မိတာ ဖြစ်တယ် လို့ ဆိုပါတယ်။
အဲဒီဖြစ်စဉ်မှာ ပလုံကောက်တဲ့အမျိုးသမီးကတော့ ပွဲချင်းပြီးသေဆုံးသွားပြီး အမျိုးသား ၁ ယောက် နဲ့ အမျိုးသမီး ၂ ယောက်လည်း ဒဏ်ရာတွေရသွားပါတယ်။
သေဆုံးသူရဲ့ရုပ်အလောင်းနဲ့ ဒဏ်ရာရရှိသူတွေကို ပရဟိတအသင်းတွေက ယာဉ်တွေနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။