မန္တလေးမြို့ရှိ ဖုန်းရောင်းဝယ်ရေးဆိုင်တစ်ဆိုင်မှာ ဇွန်လ ၁၂ ရက်၊ ညနေပိုင်းက ဓားရှည်တွေ ကိုင်ဆောင် ဝင်ရောက်လာပြီး လုယက်မှုကျူးလွန်ခဲ့သူတွေကို ဖမ်းမိပြီ ဖြစ်တယ်လို့ အခင်းဖြစ် Paradise ဖုန်းဆိုင်ကနေ သိရပါတယ်။
အခင်းဖြစ်စဉ်ကတော့ မဟာအောင်မြေမြို့နယ်၊ ၆၉ လမ်း နဲ့ ၃၈ လမ်းထောင့်ရှိ Paradise ဖုန်းရောင်းဝယ်ရေးဆိုင်မှာ ဆိုင်ပိုင်ရှင်နဲ့ ဆိုင်ဝန်ထမ်းနှစ်ယောက်တို့ ရှိနေစဉ် Mask တပ်ထားတဲ့ လူငယ် နှစ်ယောက် ဓားရှည်တွေ ကိုင်ဆောင်ဝင်ရောက်လာပြီး ဆိုင်ဝန်ထမ်းတွေကို ခြိမ်းခြောက်ပြောဆိုကာ မှန်ကောင်တာထဲ iPhone တွေအပါအဝင် တန်ဖိုးကြီး ဖုန်းတွေကို လုယက်ယူဆောင် ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
အခင်းဖြစ်ပြီးနောက် ကျူးလွန်သူတွေကို သက်ဆိုင်ရာက စုံစမ်းဖော်ထုတ်ခဲ့ရာ ဇွန်လ ၁၃ ရက်နေ့မှာ ဖမ်းမိထားပြီး ဖုန်းတွေတော့ ပြန်မရသေးဘူးလို့ အခင်းဖြစ် Paradise ဖုန်းဆိုင်က တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
လက်ရှိမှာတော့ ဖမ်းမိတဲ့ ကျူးလွန်သူတွေကို ဆက်လက်စစ်ဆေးဖော်ထုတ်နေပြီး သက်ဆိုင်ရာ ရဲစခန်းမှာ အမှုဖွင့် အရေးယူထားပါတယ်။