၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ ခြောက်လအတွင်း မူးယစ်ဆေးဝါး ၁၂၈ ဘီလီယံနီးပါးဖိုး ဖမ်းမိခဲ့တယ်လို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်ကပြောပါတယ်။
ဩဂုတ် ၁ ရက်က ပြုလုပ်တဲ့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီအစည်းအဝေးမှာ ကော်မတီဒုတိယဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးဝင်းရှိန်က အခုလိုပြောကြားလိုက်တာပါ။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် တစ်နှစ်လုံးမှာ မူးယစ်ဆေးဝါး ကျပ် ၃၀၀ ဘီလီယံကျော်ဖိုး ဖမ်းမိခဲ့ပြီး အခုနှစ် ခြောက်လအတွင်းမှာ ကျပ် ၁၂၇ ဒသမ ၉၇၈ ဘီလီယံဖိုး ဖမ်းမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။နေပြည်တော်ကောင်စီနယ်မြေအပါအဝင် သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေ၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့တွေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အခုထက်ပိုမိုထိရောက်စွာ သတင်းထောက်လှမ်းတားဆီးစစ်ဆေးပြီး ဖမ်းဆီးအရေးယူဖို့လိုတယ်လို့လည်း ဦးဝင်းရှိန်ကပြောကြားခဲ့ပါတယ်။