မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်မှာ အွန်လိုင်းအသုံးပြုပြီး ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသူ တရုတ်နိုင်ငံသား လေးယောက်နဲ့ မြန်မာနိုင်ငံသား ၁၇ ယောက်တို့ကို ငွေလိမ်လုပ်ငန်းလုပ်ကိုင်ရာမှာအသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ဩဂုတ် ၁၉ ရက်မှာထုတ်ပြန်ပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဩဂုတ် ၁၈ ရက်၊ ညနေ ၄ နာရီခွဲမှာ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်၊ ၂၇ လမ်း၊ ၆၅ လမ်းနဲ့ ၆၆ လမ်းကြားရှိ နေအိမ်တစ်အိမ်မှာ တရုတ်နိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံသားတွေ ပူးပေါင်းပြီး အွန်လိုင်းအသုံးပြုကာ ငွေလိမ်လုပ်ငန်းတွေလုပ်ကိုင်နေကြောင်းသတင်းအရ ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့တယ်လို့ဆိုပါတယ်။

အဲဒီလို ရှာဖွေစစ်ဆေးခဲ့ရာ Yanlong ပါ တရုတ်နိုင်ငံသား အမျိုးသားသုံးယောက်နဲ့ အမျိုးသမီးတစ်ယောက်၊ မြန်မာနိုင်ငံသားအမျိုးသား ၁၀ ယောက်နဲ့ အမျိုးသမီးခြောက်ယောက်၊ နေအိမ်ပိုင်ရှင်အမျိုးသမီးတို့ကို အွန်လိုင်းအသုံးပြုပြီး ငွေလိမ်လုပ်ငန်းပြုလုပ်ရာမှာအသုံးပြုတဲ့ ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
ဖမ်းဆီးရမိသူတွေကို ဥပဒေနဲ့အညီ ထိရောက်စွာအရေးယူနိုင်ရေး ချမ်းအေးသာစံမြို့နယ်၊ အမှတ် ၃ နယ်မြေရဲစခန်းက အီလက်ထရောနစ်ဆက်သွယ်ရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၃ (က)/၃၈ နဲ့ အမှုဖွင့်စစ်ဆေးဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။