ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ အောင်ပန်းနယ်မြေရဲစခန်း အချုပ်ဖောက်ပြေးသူ အချုပ်သား ၁၀ ယောက်ကို ပြန်လည်ဖမ်းမိပြီ ဖြစ်တယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ကနေ သိရပါတယ်။အောင်ပန်းနယ်မြေရဲစခန်း အချုပ်ခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အချုပ်သား ၁၀ ယောက်ဟာ ဇန်နဝါရီ ၉ ရက်၊ မနက်အစောပိုင်းက အချုပ်ခန်း သံတိုင်နဲ့ သစ်သားတိုင်တွေကို သံဖြတ်လွှနဲ့ ဖြတ်တောက်ပြီးတော့ ထွက်ပြေး သွားခဲ့တာပါ။

အချုပ်ခန်းဖောက်ပြေးသူတွေအနက် နှစ်ယောက်ကိုတော့ ဇန်နဝါရီ ၉ ရက်မှာပဲ ပြန်လည်ဖမ်းမိခဲ့ပြီး ဇန်နဝါရီ ၁၄ ရက်မှာ နှစ်ယောက်၊ ဇန်နဝါရီ ၁၆ ရက်မှာ ခြောက်ယောက် စုစုပေါင်း အချုပ်ခန်းဖောက်ပြေးသူ ၁၀ ယောက်စလုံး ကို ပြန်ဖမ်းမိခဲ့တာလို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က ရဲအရာရှိတစ်ယောက်က ပြောပါတယ်။အချုပ်ခန်းဖောက်ပြေးမှုမှာ စည်းကမ်းပေါ့လျော့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စစ်ဆေးအရေးယူမှုတွေ ပြုလုပ်နေတယ် လို့လည်း ဆိုပါတယ်။

အချုပ်ဖောက်ပြေးမှုတွေနဲ့ပတ်သက်လို့ ရဲလုပ်ထုံးလုပ်နည်းအရ တာဝန်ပေါ့လျော့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စိစစ် အရေးယူတာ ရှိသလို ထွက်ပြေးတဲ့ အချုပ်သားတွေကိုလည်း ဥပဒေကြောင်းအရ အရေးယူတာ ရှိတယ်လို့ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးချုပ် ကျော်လင်းက ပြောပါတယ်။အောင်ပန်းရဲအချုပ် ဖောက်ပြေးသူတွေကို ကလောခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီးတဲ့အဖွဲ့က လိုက်လံရှာဖွေခဲ့တာဖြစ်ပြီး အချုပ် ဖောက်ပြေးသူတွေထဲမှာ လူသတ်မှု၊ လုယက်မှု၊ ခိုးမှုတွေနဲ့ ဖမ်းဆီး ခံထားရတဲ့ အချုပ်သားတွေ ပါဝင် တယ်လို့ သိရပါတယ်။