နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်မှာ လျှပ်စစ်မီးကြိုးတွေဖြတ်တောက်ခိုးယူသူ အမျိုးသားနှစ်ယောက်ကို ဖမ်းမိခဲ့တယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ဩဂုတ် ၂၁ ရက်ကထုတ်ပြန်ပါတယ်။
ပုဗ္ဗသီရိမြို့နယ်၊ ထုံးဖိုမြို့မရဲစခန်းက တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဩဂုတ် ၂၀ ရက်၊ ည ၁၀ နာရီခွဲ လောက်က နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် ပုဗ္ဗသီရိမြို့နယ်၊ ညစျေးအနီးဇော်ဂျီလမ်းပေါ်မှာ မသင်္ကာဖွယ်အမျိုးသားနှစ်ယောက်ကို တွေ့ရှိတဲ့အတွက် စစ်ဆေးခဲ့တယ်လို့ဆိုပါတယ်။

အဲဒီလို စစ်ဆေးရာမှာ တပင်ရွှေထီးရပ်ကွက်နေ နေထက်လင်းနဲ့ ကျည်တောင်ကန်(၁) ရပ်ကွက်နေ ရဲထက်ပိုင်တို့ကို အဖြူရောင်ကြွပ်ကြွပ်အိတ်အတွင်း လျှပ်စစ်မီးကြိုး(ကြေးကြိုး)ဖြတ်စ ၅၀ ကျပ်သားခန့်နဲ့အတူ ဖမ်းမိခဲ့တာလို့ထုတ်ပြန်ချက်အရ သိရပါတယ်။
လက်ရှိမှာ ဖမ်းမိသူနှစ်ယောက်ကို ဥပဒေနဲ့အညီ ထိရောက်စွာအရေးယူနိုင်ရေး အမှုဖွင့်ပြီး ဆက်စပ်ပြစ်မှုတွေကျူးလွန်ထားတာရှိ မရှိ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆက်လက်စစ်ဆေး ဆောင်ရွက်နေတယ်လို့လည်းထုတ်ပြန်ထားပါတယ်။