မန္တလေးကနေ ရန်ကုန်ကိုထွက်ခွာလာတဲ့ အမှတ်(၁၂)အစုန် လူစီးအမြန်ရထားပေါ်ကနေ ကျပ်သိန်း ၉၀၀၀ ကျော်တန်ဖိုးရှိတဲ့ WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးပြားတွေ သိမ်းဆည်းရမိခဲ့တယ်လို့ မြန်မာ့မီးရထားက ဩဂုတ် ၂၉ ရက်မှာထုတ်ပြန်ပါတယ်၊၊
ဖြစ်စဉ်ကတော့ ဩဂုတ် ၂၇ ရက် နေ့လယ် ၁ နာရီအချိန်လောက်က မန္တလေးကနေ ရန်ကုန်ကို ထွက်ခွာလာတဲ့ အမှတ် (၁၂)အစုန် လူစီးအမြန်ရထားဟာ ပျဉ်းမနားနဲ့ ပြည်ဝင်ဘူတာအကြားရောက်ရှိစဉ် ရထားရဲ့အထက်တန်းတွဲ(၁) ခုံအမှတ် A-3 ၊ A-4 ရဲ့ အပေါ်ဘက် ပစ္စည်းတင်စင်နဲ့ထိုင်ခုံရဲ့ရှေ့မှာ ကျောပိုးအိတ်နှစ်လုံးနဲ့ မြွေရေခွံအိတ်တွေထည့်ထားတဲ့ ခြင်းနှစ်လုံးကို ပိုင်ရှင်မဲ့တွေ့ရှိခဲ့တာလို့ဆိုပါတယ်၊၊

အဲဒီလိုတွေ့ရှိတဲ့အတွက် ရထားလုံခြုံရေးရဲတပ်ဖွဲ့နဲ့ မြန်မာ့မီးရထားတာဝန်ရှိသူတွေက စစ်ဆေးခဲ့ရာ ကျပ်သိန်း ၉၀၀၀ ကျော်တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးပြား လေးသိန်းခွဲကျော်ကို သိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့ထုတ်ပြန် ချက်အရသိရပါတယ်။
အခုလို သိမ်းဆည်းရမိခဲ့တဲ့အတွက် အမြန်ရထားရဲ့ထိုင်ခုံဇယားကိုစိစစ်ရာ သာစည်-ရန်ကုန် ခရီးစဉ်အဖြစ် သန်းဇော်ဦးနဲ့ စိုင်းသက်အောင်တို့ နှစ်ယောက်က ဝယ်ယူထားတာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
လက်ရှိမှာတော့ မူးယစ်ဆေးဝါးတွေ တွေ့ရှိမှုနဲ့ပတ်သက်ပြီး ပိုင်ရှင်ကိုဆက်လက် စုံစမ်းစစ်ဆေးနေပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)၊ ၂၀ (က)နဲ့ ပျဉ်းမနားမြို့မရဲ စခန်းမှာ အမှုဖွင့်ထားတယ်လို့ထုတ်ပြန်ထားပါတယ်။