နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ ကျပ် ၁ ဘီလီယံခွဲကျော် တန်ဖိုးရှိ ဘိန်းဖြူတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာ နိုင်ငံရဲတပ်ဖွဲ့က ဇူလိုင် ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။ ဇူလိုင် ၁၁ ရက်၊ မနက် ၈ နာရီခွဲအချိန်က နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ သစ်ကြိမ်းကျေးရွာအုပ်စု၊ ကြာကန် ကျေးရွာအနီးမှာ အောင်နန်းချို ကျေးရွာဘက်ကနေ တောင်စဉ်အေးရွာဘက်ကို အမျိုးသား နှစ်ယောက် မောင်းလာ တဲ့ Land Crusier နဲ့ Alphard ယာဉ်တွေကို စစ်ဆေးရှာဖွေရာ ယာဉ်တွေပေါ်ကနေ ကာလတန်ဖိုး ကျပ် ၁ ဒသမ ၆၈ ဘီလီယံကျော်ရှိတဲ့ ဘိန်းဖြူ ၆၇ ဒသမ ၃၃ ကီလိုကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ကွင်းဆက် ဖော်ထုတ်ချက်အရ ဖမ်းမိတဲ့ ဘိန်းဖြူတွေကို မန္တလေးကို တာဝန်ခံ သယ်ဆောင်သူ သိန်းမြင့်(ခေါ်) သိန်းဟန်ဟာ တာချီလိတ်ဘက်ကို တိမ်းရှောင်သွားတဲ့အတွက် ဖမ်းမိရေး ဆောင်ရွက်ခဲ့ရာ ဇူလိုင် ၁၂ ရက်၊ မနက် ပိုင်းက တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမှာ ဖမ်းဆီးရမိခဲ့ပါတယ်။ဒါ့အပြင် ဖမ်းဆီးဖို့ ကျန်တဲ့ လွိုင်ကော်မြို့နေ ခွန်နေလင်းအောင်(ခေါ်) အားသိုက်(ခေါ်) ယောဟန်ရဲ့ စေခိုင်းချက် အရ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့ကနေ လယ်ဝေးမြို့နယ်၊ အောင်နန်းချို ကျေးရွာအနီးကို လွိုင်ကော်မြို့ နေ သူရိန်စိုး(ခေါ်) ဖိုးသာထူး ခေါ်) ဖိုးလုံးကနေ အခုဖမ်းမိတဲ့ ဘိန်းဖြူတွေကို လာရောက် ပို့ဆောင်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီကနေတစ်ဆင့် ရေနီမြို့နဲ့ ပျဉ်းမနားမြို့နေ အမျိုးသားနှစ်ယောက်က ပုဗ္ဗသီရိမြို့နယ်ရှိ အမျိုးသား တစ်ယောက်ဆီ လွှဲပြောင်းပေးခဲ့တာဖြစ်ပြီး ဖမ်းဆီးရမိတဲ့ ဘိန်းဖြူတွေကို ရန်ကုန်နဲ့ မန္တလေးမြို့ကို အကြိမ်ကြိမ် သယ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်၊၊လက်ရှိမှာတော့ ဖမ်းမိသူ သုံးယောက်ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ အရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူတွေကို ဆက်လက်ဖော်ထုတ်နေတယ်လို့ ထုတ်ပြန်ထား ပါတယ်။