ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း ဖြူးမြို့နယ်၊ ညောင်ပင်သာနဲ့ ဖြူးဘူတာကြားမှာ ဩဂုတ် ၁၅ ရက်၊ မနက်အစောပိုင်း ၁ နာရီကျော်လောက်က မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး လူစီးရထားနဲ့ကုန်ရထားတွေ ကြန့်ကြာမှုဖြစ်ပွားခဲ့တယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။ ဖြစ်စဉ်ကတော့ ဖြူးမြို့နယ်၊ ညောင်ပင်သာဘူတာကနေ လုံခြုံရေးကင်းလှည့်ထွက်ခွာလာတဲ့ သံလမ်းပြေးယာဉ်ဟာ ညောင်ပင်သာနဲ့ ဖြူးဘူတာအကြားဖြတ်သန်းစဉ် ရီမုမိုင်းနဲ့ဖောက်ခွဲခံရပြီး လမ်းချော်ကျမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အခင်းဖြစ်ပွားရာနေရာကို တာဝန်ရှိသူတွေနဲ့ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းလင်းစစ်ဆေးတာ၊ မြန်မာ့မီးရထားဝန်ထမ်းတွေက လမ်းပိုင်းကိုအမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး ပြန်လည်ပြုပြင်တာတွေကို ဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ မိုင်းပေါက်ကွဲမှုကြောင့် သံလမ်းတွေ ၃ ပေခန့်စီ ပြတ်ထွက်ခဲ့ပြီး ကွန်ကရစ်ဇလီဖားတုံး ၁၅ တုံးနဲ့ သံလမ်းပြေးယာဉ်ရဲ့ ဘာဖာရှပ်တန်းကျိုးတဲ့ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ဆိုပါတယ်။

အဲဒီဖြစ်စဉ်ကြောင့် ရန်ကုန်မြို့ကနေထွက်ခွာလာတဲ့ အမှတ်(၁)အဆန် ရန်ကုန်-မန္တလေးစာပို့ရထားနဲ့ အမှတ်(၁၁)အဆန်ရန်ကုန်-မန္တလေးလူစီးအမြန်ရထားတို့ဟာ ညောင်လေးပင်ဘူတာမှာ အသီးသီးရောက်ရှိ ရပ်တန့်စောင့်ဆိုင်းခဲ့ရပြီး ဩဂုတ် ၁၅ ရက် နေ့လယ်ပိုင်းမှာတော့ အသီးသီးပြန်လည်ထွက်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ အလားတူ ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်းပြေးဆွဲနေတဲ့ အမှတ်(၉၀၃)အဆန်ကုန်ရထားဟာ ပြွန်တန်ဆာဘူတာမှာ စောင့်ဆိုင်းခဲ့ရပါတယ်။
ဩဂုတ် ၁၅ ရက် ၊ နေ့လယ် ၁ နာရီခွဲမှာ ရထားလမ်းပိုင်း ပြန်လည်ပြုပြင်ပြီးစီးတဲ့အတွက် ရထားတွေပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။