နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်မှာ မြေအောက်ကေဘယ်မီးကြိုးတွေ ဖြတ်တောက်ခိုးယူသူအမျိုးသား တစ်ယောက်ကို ဖမ်းမိခဲ့တယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ဩဂုတ် ၂၀ ရက်ကထုတ်ပြန်ပါတယ်။ တပ်ကုန်းမြို့နယ်၊ ဘုရားကုန်းမြို့မရဲစခန်းက တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဩဂုတ် ၁၉ ရက်၊ မနက် ၃ နာရီခွဲလောက်က နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် နေပြည်တော်-တပ်ကုန်း၊ အမှတ်(၁)လမ်း၊ သတ္တသတ္တာဟဘုရားနဲ့ သပြေစမ်း ကျေးရွာကြား လမ်းလယ်ကျွန်းပေါ်မှာ မသင်္ကာဖွယ်အမျိုးသားတစ်ယောက်ကိုတွေ့ရှိတဲ့အတွက် စစ်ဆေးခဲ့တယ်လို့ဆိုပါတယ်။

အဲဒီလို စစ်ဆေးရာမှာ ပုဗ္ဗသီရိမြို့နယ်၊ ဇလုပ်ကြီးကျေးရွာနေ ကျော်စိုးကို ဖြတ်တောက်ခိုးယူထားတဲ့ မြေအောက်ကေဘယ်မီးကြိုးဖြတ်စခွေ ၁၆ ခွေ၊ ဂေါ်ပြားတစ်လက်၊ ဓားမတစ်ချောင်း၊ မီးကြိုးခွာရာမှာအသုံးပြုတဲ့ အဝါရောင်လက်ညှစ်ဓား ၂ ချောင်း စတာတွေနဲ့အတူ ဖမ်းမိခဲ့တာလို့ ထုတ်ပြန်ချက်အရသိရပါတယ်။
ဖမ်းဆီးရမိသူကို ဥပဒေနဲ့အညီ ထိရောက်စွာအရေးယူနိုင်ရေး အမှုဖွင့်ပြီး ဆက်စပ်ပြစ်မှုတွေ ကျူးလွန်ထားတာရှိ မရှိလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆက်လက်စစ်ဆေးဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။