ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်က မြန်မာပလာဇာ ကားပါကင်မှာ အမျိုးသမီးကြီးတစ်ယောက် အသတ်ခံရမှုက ကျူး လွန်သူ အမျိုးသားတစ်ယောက်ကို သူရဲ့ ဇနီးနဲ့အတူ ဖမ်းမိခဲ့ပြီး သေဆုံးသူနဲ့ စီးပွားရေးအတူ လုပ်ကိုင်သူ ဖြစ်ကာ အကြွေး ပြန်မဆပ်နိုင်လို့ သတ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သိရပါတယ်။

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် ၄ ရပ်ကွက်နေ ဒေါ်စမ်းစမ်းအေး(၅၉ နှစ်)ဟာ အမျိုးသား တစ် ယောက်နဲ့အတူ ဩဂုတ် ၅ ရက်၊ ညနေ ၄ နာရီကျော်က နေအိမ်ကို ပြန်ဖို့ မြန်မာပလာဇာအောက်ထပ် ကားပါကင် မှာ ရပ်ထားတဲ့ ကားအနီးကို ရောက်ရှိစဉ် အမျိုးသားနှစ်ယောက်က ဓားနဲ့ဝိုင်းထိုးခုတ်ကာ ထွက်ပြေးသွားခဲ့တာပါ။ ဒေါ်စမ်းစမ်းအေးကတော့ ဓားဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေး အတွက် ဗဟန်းမြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ- ၃၀၂/၃၂၆/၁၁၄ အရ အမှု ဖွင့် စစ်ဆေးဆောင်ရွက်ခဲ့ပါတယ်။စစ်ဆေးချက်အရ ကျူးလွန်သူ နှစ်ယောက်ဟာ မြန်မာပလာဇာကို တိုယိုတာ Vitz အမျိုးအစား ခဲရောင်ယာဉ်နဲ့ ဩဂုတ် ၅ ရက်၊ နေ့လယ် ၁ နာရီ ၅၇ မိနစ်အချိန်က ရောက်ရှိခဲ့ကြောင်း၊ ညနေ ၄ နာရီကျော်အချိန်မှာ ဒေါ်စမ်းစမ်အေးနဲ့အတူပါလာသူတို့ နှစ်ယောက်ဟာ မြန်မာပလာဇာ ပေါ်က ဆင်းလာပြီး သူတို့ကားရပ်ထားတဲ့ နေရာကို သွားရောက်စဉ် ကျူးလွန်သူနှစ်ယောက်က ကားပေါ်က ဆင်းလာကာ ဒေါ်စမ်းစမ်းအေးကို ဓားနဲ့ထိုးခဲ့ကြောင်း၊ အတူပါလာသူ အမျိုးသားက ပြန်လည်ခုခံတဲ့အတွက် ကျူးလွန်သူတစ်ယောက်က ထိုးကြိတ်ခဲ့ကြောင်းတို့ကို စစ်ဆေးတွေ့ရှိရတယ်လို့ ရဲတပ်ဖွဲ့က သိရပါတယ်။

အဲဒီနောက်မှာတော့ ကျူးလွန်သူနှစ်ယောက်ဟာ အခင်းဖြစ် နေရာကနေ ကမ္ဘာအေးဘုရားလမ်းပေါ် ထွက်ပြေး ကာ Taxi ယာဉ်တစ်စီးကို ငှားစီးပြီး ကမ္ဘာအေးဘုရားလမ်းအတိုင်း မောင်းနှင်ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။ ကျူးလွန်သူတွေ ငှားစီးခဲ့တဲ့ Taxi ယာဉ်မောင်းကို စစ်ဆေးခဲ့ရာ ကျူးလွန်သူ နှစ်ယောက်ကို အင်းစိန်မြို့နယ်၊ ပြည် လမ်း၊ ဆယ်မိုင်ကုန်း ကားမှတ်တိုင် အနီးကို ပို့ပေးခဲ့ရကြောင်း၊ ကျူးလွန်သူ နှစ်ယောက်ရဲ့ စီစီတီဗီ မှတ်တမ်းကို ဒေါ်စမ်းစမ်းအေးရဲ့ သမီးဖြစ်သူကို ပြသမေးမြန်းရာမှာ တစ်ယောက်မှာ မိခင်ဖြစ်သူနဲ့အတူ ဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်ပြီး မိခင်ဖြစ်သူကို အကြွေးပေးဖို့ရှိသူ တောင်ဥက္ကလာပမြို့နယ်၊ ၄ ရပ်ကွက်၊ ပါရမီလမ်း နှင့် ဝေဇယန္တာလမ်းထောင့်ရှိ INNO City မှာ တည်းခိုနေထိုင်သူ မြတ်သူရကျော်ဖြစ်ကြောင်း သိရပါတယ်။ ဩဂုတ် ၆ ရက်၊ နေ့လယ် ၁၂ နာရီခွဲအချိန်မှာ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်း ဟောင်း မြစ်ငယ်-ထုံးဘို လမ်းခွဲ မြို့မအဝင်ဂိတ်မှာ ကျူးလွန်သူ မြတ်သူရကျော်ကို သူရဲ့ ဇနီးနဲ့အတူ ဖမ်းဆီး ရမိခဲ့ပြီး သူနဲ့အတူ ပြစ်မှုူကျူးလွန်သူ အမျိုးသားတစ်ယောက် (စိစစ်ဆဲ)ကိုလည်း ထပ်မံ ဖမ်းမိနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်တွေက စုံစမ်းဖော်ထုတ်နေတယ်လို့ သိရပါတယ်။