အခု ၂၀၂၄ ခုနှစ်မှာလည်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး Operation 39/24 အထူးစစ်ဆင်ရေးကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တ ရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
ဇွန်လ ၂၆ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၃ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးမှု အနည်းငယ်မြင့်တက်လာတာကို တွေ့ရပြီး ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုလျှော့ချနိုင်ဖို့အတွက် ဘိန်းစိုက်ရာသီအတွင်း တပ်မတော်၊ ရဲတပ်ဖွဲ့၊ ဆက်စပ်ဌာနဆိုင်ရာတွေ ပူးပေါင်းပြီး ဒေသခံတိုင်းရင်းသားပြည်သူတွေ ပူးပေါင်းပါဝင်လာအောင် စည်းရုံး၊ အသိပညာပေးတဲ့လုပ်ငန်း တွေကို ဆောင်ရွက်နိုင်ခဲ့သလို ဘိန်းစိုက်ပျိုးရာသီအတွင်း ဘိန်းခင်း ၆၁၈၁ ဧကကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ သဝဏ် လွှာမှာ ဖော်ပြထားပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအထူးစစ်ဆင်ရေးတွေကို ၂၀၁၃ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ အကြိမ်ပေါင်း ၄၀ ဆောင်ရွက်နိုင်ခဲ့သလို ၂၀၂၃ ခုနှစ်အတွင်း Operation 39 အထူးစစ်ဆင်ရေးကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆောင်ရွက်ခဲ့ပြီး မူးယစ်ဆေးဝါးတွေကို အောင်မြင်စွာ ဖော်ထုတ်ဖမ်းဆီးဆောင်ရွက်နိုင်ခဲ့ပါတယ်။ အခု ၂၀၂၄ ခုနှစ် မှာလည်း Operation 39/24 အထူးစစ်ဆင်ရေးကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် နေတယ်လို့ ဆိုပါတယ်။ တားဆီးနှိမ်နင်းရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အောင်မြင်မှုတွေ ရရှိနေပေမယ့် ဖမ်းဆီးရမိတဲ့ အဓိက တရားခံ တွေကို ထိရောက်တဲ့ ပြစ်ဒဏ်ချမှတ်နိုင်ဖို့နဲ့ အချို့တရားခံတွေဟာ ပြစ်ဒဏ်ကနေ လွတ်မြောက်ပြီးနောက် ပြစ်မှု တွေ ထပ်မံကျူးလွန်နေတာကို တွေ့ရှိရတဲ့အတွက် မူးယစ်ဆေးဝါးပြစ်မှုကျူးလွန်ရာက ရရှိတဲ့ ပိုင်ဆိုင်မှုတွေ ကို ပြည်သူ့ ဘဏ္ဍာအဖြစ် ထိထိရောက်ရောက် သိမ်းဆည်းအရေးယူသွားမယ်လို့လည်း သဝဏ်လွှာမှာ ဖော်ပြပါရှိပါတယ်။