နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ မြတ်လေးလမ်းက နေအိမ်တစ်အိမ်မှာ ဩဂုတ် ၁၀ ရက်၊ နေ့လယ်ပိုင်းကဆရာဝန်မိသားစုဝင် သုံးယောက် အသတ်ခံရမှုနဲ့ပတ်သက်ပြီး မှုခင်းရဲတပ်ဖွဲ့(CID)က လာရောက်စစ်ဆေးခဲ့တယ်လို့ နေပြည်တော်အခြေစိုက် သဗ္ဗသုခနာရေးကူညီမှုအသင်းကတာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။
အသတ်ခံရတဲ့ မိသားစုဝင်သုံးယောက်ဖြစ်တဲ့ ဖခင်ဖြစ်သူ ဆရာဝန်ဟာ မီးဖိုချောင်အတွင်း၊ မိခင်ဖြစ်သူဟာ ရေချိုးခန်းအတွင်းနဲ့ သားဖြစ်သူဟာ နေအိမ်အိပ်ခန်း အိပ်ရာပေါ်မှာ ဓားထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေကြတာဖြစ်တယ်လို့ ဆိုပါတယ်။ စီစီတီဗီမှတ်တမ်းတွေအရ ဩဂုတ် ၈ ရက်၊ ညပိုင်းလောက်က အခင်းဖြစ်ပွားတယ်လို့သိရပြီး ကျူးလွန်သူတွေက ကားနဲ့ပစ္စည်းတွေယူဆောင်သွားတာရှိတယ်လို့ သိရကြောင်း သဗ္ဗသုခနာရေးကူညီမှုအသင်းက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
အခင်းဖြစ်စဉ်ကိုတော့ သက်ဆိုင်ရာနယ်မြေခံရဲတပ်ဖွဲ့အပြင် မှုခင်းရဲတပ်ဖွဲ့(CID)က အရာရှိကြီးတွေလည်း လာရောက် စစ်ဆေးတာရှိတယ်လို့ဆိုပါတယ်။ လက်ရှိမှာတော့ အသတ်ခံရတဲ့ရုပ်အလောင်းတွေကို နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကိုပို့ဆောင်ထားပြီး လက်ရှိမှာကျူးလွန်သူတွေကို ဖမ်းမိတာမရှိသေးဘဲ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းမြို့မရဲစခန်းမှာ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။