ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်၊ မဟာဗန္ဓုလတံတားအဆင်းမှာ ဇန်နဝါရီ ၁၉ ရက် ညနေပိုင်းက လမ်းသွားလမ်းလာ အမျိုးသမီးနှစ်ယောက် ကားတိုက်ခံရပြီး သေဆုံးသွားတယ်လို့ ဖြစ်စဉ်ကို သွားရောက်ကူညီခဲ့တဲ့ အောင်ရဲသူ လူမှုကူညီရေးအသင်းအဖွဲ့(ဒေါပုံမြို့နယ်)ကနေ သိရပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီးနှစ်ယောက်ရဲ့ ရုပ်အလောင်းတွေကို လူမှုကူညီရေးအသင်းအဖွဲ့တွေက ယာဉ်တွေနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအခင်းဖြစ်ရပ်ကို တွေ့ရှိခဲ့တဲ့ တက္ကစီ ယာဉ်တစ်စီးက အကြောင်းကြားခဲ့တာ ဖြစ်တယ်လို့ သွားရောက်ကူညီခဲ့သူ တစ်ယောက်က ပြောပါတယ်။

သေဆုံးသူအမျိုးသမီးနှစ်ယောက်ဟာ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးဘဲ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ အဆက် အသွယ်ရရှိရေး ဆောင်ရွက်နေပြီး လက်ရှိမှာတော့ အမျိုးသမီးနှစ်ယောက်ကို တိုက်သွားတဲ့ကားက မောင်းပြေး သွားတာကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဖမ်းမိနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
¬