မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ KBZ ဘဏ်ခွဲမှာ ဇန်နဝါရီ ၁၁ ရက်၊ မွန်းလွဲပိုင်းက သေနတ်ပြပြီး ဓားပြ တိုက်တဲ့ အမျိုးသားကို ဘဏ်လုံခြုံရေး ဝန်ထမ်းတွေ နဲ့ ပြည်သူတွေ ဝိုင်းဝန်းဖမ်းဆီးခဲ့တယ်လို့ ဒေသခံပြည်သူ တွေ ဆီက သိရပါတယ်။

အခင်းဖြစ်စဉ်ကတော့ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ၇၃ လမ်း၊ လမ်း ၄၀ နဲ့ ၄၁ လမ်းကြားရှိ KBZ ဘဏ်ခွဲကို အမျိုးသားတစ်ယောက်တည်းက လက်လုပ်သေနတ်တိုထုတ်ပြပြီး ဓားပြတိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီနောက် ဓားပြတိုက်သူက အသင့်ပါလာတဲ့ အိတ်ထဲကို ငွေတွေ ထည့်သွင်းပြီး ထွက်ပြေးဖို့ ကြိုးပမ်းစဉ် ဘဏ်လုံခြုံရေးဝန်ထမ်းတွေ နဲ့ အနီးနားရှိ ပြည်သူတွေ က ဝိုင်းဖမ်းရာ သေနတ်နဲ့ ပစ်ခတ်တာကြောင့် ဘဏ်မန်နေဂျာတစ်ယောက် ကျည်ထိမှန်ဒဏ်ရာရခဲ့ပေမယ့် ဖမ်းဆီးရမိခဲ့တယ်လို့ အခင်းဖြစ်ရပ်ကွက်က ပြည်သူတွေက ပြောပါတယ်။

လက်ရှိမှာတော့ ဖမ်းမိတဲ့ ဓားပြတိုက်သူကို သက်ဆိုင်ရာက ခေါ်ဆောင်ပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က သိရပါတယ်။
Photo-CJ