မန္တလေးမြို့ မဟာအောင်မြေမြို့နယ်က ကမ္ဘောဇဘဏ်ခွဲ(၃၇)မှာ ဖေဖော်ဝါရီ ၂၁ ရက်၊ နေ့လယ် ၂ နာရီအချိန်မှာ အမျိုးသားတစ်ယောက်တည်းက ဓားပြဝင်တိုက်ခဲ့ပြီး ကျပ်သိန်း ၁၁၀၀ ကျော် ယူဆောင်သွားတယ်လို့ မဟာအောင်မြေ မြို့နယ်၊ အမှတ်(၉)နယ်မြေရဲစခန်းက ရဲအရာရှိတစ်ယောက်က One News ကို အတည်ပြု ပြောပါတယ်။

မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်မှာရှိတဲ့ ကမ္ဘောဇဘဏ်ခွဲ(၃၇)ကို စူပါကပ်ဆိုင်ကယ်နဲ့ မျက်နှာမှာ Mask တပ်ထားတဲ့ အမျိုးသားတစ်ယောက် ရောက်လာပြီး ဘဏ်အတွင်း ဝင်ရောက်ကာ သေနတ်ပြ ခြိမ်းခြောက် ကာ ကျပ် သိန်း ၁၁၀၀ ကျော်ကို ယူဆောင်ထွက်ပြေးသွားတာလို့ ဆိုပါတယ်။ “ လိုက်နေတုန်းပါ။ ကျူးလွန်သူ မမိသေးပါဘူး။ ငွေသားကျပ်သိန်း ၁၁၀၀ ကျော်ပဲ ပါသွားတာ” လို့ အမှတ်(၉) နယ်မြေရဲစခန်းက ရဲအရာရှိတစ်ယောက်က ပြောပါတယ်။

ဘဏ်ဓားပြတိုက်မှုဖြစ်ပွားပြီးနောက် ကျူးလွန်သူအမျိုးသားကို ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့က ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။အခုဓားပြတိုက်ခံရတဲ့ မန္တလေးမြို့က ကမ္ဘောဇဘဏ်ခွဲ(၃၇)မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက် နေ့လယ်ပိုင်းကလည်း အမျိုးသားတစ်ယောက်တည်းကပဲ လက်လုပ်ပစ္စတိုသေနတ်နဲ့ ဓားပြဝင်တိုက်ခဲ့ပြီး ဘဏ်ဝန်ထမ်းတွေနဲ့ အနီးနားရှိ ပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့လို့ ဖမ်းဆီးရမိခဲ့ပါသေးတယ်။