မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်မှာ အငြိမ်းစားပါမောက္ခ တစ်ယောက်ကို အသိအိမ်ခြံမြေပွဲစားက အိမ်ခြံမြေ လိုက်လံပြသမယ်လို့ဆိုပြီး ရိုက်နှက်သတ်ဖြတ်ခဲ့မှုက ကျူးလွန်သူတွေကို တရားစွဲနိုင်ရေး ဆောင်ရွက်နေတယ်လို့ ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့က ရဲအရာရှိတစ်ယောက်က One News ကို ပြောပါတယ်။

ဧပြီ ၂၅ ရက် မွန်းလွဲပိုင်းက သတ္တဗေဒ အငြိမ်းစား ပါမောက္ခ ဒေါက်တာထွေးထွေးကို သူနေထိုင်ရာ မဟာအောင် မြေမြို့နယ်ကနေ အသိအိမ်ခြံမြေပွဲစားက အိမ်လိုက်လံပြသမယ်လို့ဆိုပြီး ပုသိမ်ကြီးမြို့နယ်ကို ခေါ်ဆောင်သွား ပြီးနောက် ရိုက်နှက်သတ်ဖြတ်ကာ လက်ဝတ်လက်စားတွေနဲ့ ပါလာတဲ့ ပစ္စည်းတွေကို လုယက်ယူဆောင်သွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အမှုမှာ ကျူးလွန်တယ်လို့ သံသယရှိသူအချို့ကို ဖမ်းဆီးစစ်ဆေးနေပြီး တရားစွဲနိုင်ရေး ရဲလုပ်ငန်း တွေ ဆောင်ရွက်နေတယ်လို့ ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့က ရဲအရာရှိတစ်ယောက်က ပြောပါတယ်။ရိုက်နှက်အသတ်ခံရတဲ့ အငြိမ်းစားပါမောက္ခ ဒေါက်တာထွေးထွေးဟာ ကွယ်လွန်ချိန်မှာ အသက်(၆၆)နှစ်အရွယ် ရှိပြီဖြစ်ပြီး ဧပြီ ၂၈ ရက်က တောင်အင်းမြောက်အင်း သုသာန်မှာ သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။