မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်က ပုဂ္ဂလိက ငွေစုငွေချေးရုံးမှာ ရုံးကဝန်ထမ်းနှစ်ဦးက ရုံးပိုင်ငွေကျပ် သိန်းတစ်ထောင်ကျော်ကို ခိုးယူခဲ့ပြီး အဲဒီဖြစ်စဉ်မှာ ရုံးညစောင့်ဖြစ်သူကလည်း ပူးပေါင်းပါဝင်ကျူးလွန်ခဲ့တယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ဇန်နဝါရီ ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေက ရုံးညစောင့်ဖြစ်သူကို စစ်ဆေးရာမှာ ဇန်နဝါရီ ၈ ရက် ညပိုင်းက ငွေစုငွေချေးရုံးဝန်ထမ်းနှစ်ယောက်က အဲဒီရုံးကိုရောက်လာပြီး ရုံးပိုင်ငွေတွေ ခိုးယူမှာဖြစ်ကြောင်း၊ တာဝန်ရှိသူတွေ မေးမြန်းလာရင် ဧည့်စာရင်းလာစစ်သူတွေ ခြိမ်းခြောက်ယူဆောင်သွားတယ်လို့ လီဆယ်ထွက်ဆို ပေးရမှာဖြစ်ကြောင်းနဲ့ ကိစ္စအောင်မြင်ရင် ငွေကျပ်သိန်း ၁၅၀ ပေးမှာဖြစ်ကြောင်း ပြောဆိုစည်းရုံးခဲ့တာကြောင့် ပူးပေါင်းပါဝင် ကျူးလွန်မိကြောင်း ရုံးညစောင့်ဖြစ်သူက ထွက်ဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ငွေလာခိုးတဲ့ရုံးဝန်ထမ်းနှစ်ယောက်က ငွေတွေထည့်ထားတဲ့ မီးခံသေတ္တာကို ယူဆောင်သွားပြီး CCTV ကြိုးတွေကို ဖြတ်တောက်ကာ CCTV အထိုင်စက်ကိုပါ ယူဆောင်သွားသလို ရုံးညစောင့်ကိုလည်း ယုတ္တိရှိစေဖို့အတွက် လက်နဲ့ ခြေထောက်တွေမှာ တိပ်နဲ့ပတ်ထားခဲ့တယ်လို့ ဆိုပါတယ်။

ကျူးလွန်သူတွေကို ဖမ်းမိရေးဆောင်ရွက်ခဲ့ရာမှာ ငွေထည့်ထားတဲ့ မီးခံသေတ္တာကို ခိုးယူသွားတဲ့ရုံးဝန်ထမ်း နှစ်ယောက်နဲ့ မီးခံသေတ္တာကို သော့တုနဲ့ ဖွင့်ပေးတဲ့ အမျိုးသားတစ်ယောက်ကို ဇန်နဝါရီ ၉ ရက်၊ ညနေပိုင်းက ပြင်ဦးလွင်မြို့၊ စံပယ်လမ်းနဲ့ နဝရတ်လမ်းထောင့်မှာ သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျူးလွန်သူတွေကို ဥပဒေနဲ့အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။