ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့သစ်မှာ နိုင်ငံသားစိစစ်ရေးကတ်အတုပြုလုပ်ရောင်းချသူအမျိုးသမီးတစ်ယောက်ကို ဖမ်းမိရာကနေ ကွင်းဆက်ဖော်ထုတ်ချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်းနဲ့ အနောက်ပိုင်း)မြို့နယ်တွေမှာ နိုင်ငံသားစိစစ်ရေးကတ်အတု၊ အလုပ်သမားမှတ်ပုံတင်ကတ်အတုနဲ့ ရပ်ကွက်/ရဲစခန်းထောက်ခံစာအတုပြုလုပ်သူတွေကို ဖမ်းမိခဲ့တယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ဇန်နဝါရီ၁၁ရက်မှာ ထုတ်ပြန်ပါတယ်။
ဖြစ်စဉ်ကတော့ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အေးသာယာမြို့သစ်မှာ ဇန်နဝါရီ၈ရက်က နိုင်ငံသားစိစစ်ရေးကတ်အတုတွေရောင်းချတဲ့ အမျိုးသမီးတစ်ယောက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နိုင်ငံသားစိစစ်ရေးကတ်အတုသုံးခုနဲ့အတူဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။စစ်ဆေးဖော်ထုတ်ချက်အရ နိုင်ငံသားစိစစ်ရေးကတ်အတုတွေကို ပို့ဆောင်ပေးတဲ့ အမျိုးသမီးတစ်ယောက်ကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရန်ကုန်-ညောင်တုန်းလမ်းမှာ ဇန်နဝါရီ၈ရက် ညပိုင်းကဖမ်းမိခဲ့ပြီး ကတ်အတုတွေ လာရောက်ပို့ဆောင်သူအမျိုးသားတစ်ယောက်ကို ဇန်နဝါရီ၉ရက် နေ့လယ်ပိုင်းက လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်၁၅ရပ်ကွက်မှာ နိုင်ငံသားစိစစ်ရေးကတ်အတုတစ်ခုနဲ့အတူ ထပ်မံဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းမိသူကို စစ်ဆေးချက်အရ နိုင်ငံသားစိစစ်ရေးကတ်အတုတွေပြုလုပ်ပေးတဲ့ အမျိုးသားတစ်ယောက်ကို ဇန်နဝါရီ၉ရက် နေ့လယ်ပိုင်းက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်၁၆ရပ်ကွက်မှာ နိုင်ငံသားစိစစ်ရေးကတ်ပြားအလွတ်၁၀ခု၊ နာမည်နဲ့ဓာတ်ပုံတွေပါတဲ့ နိုင်ငံသားစိစစ်ရေးကတ်အတု၈ခု၊ အလုပ်သမားမှတ်ပုံတင်ကတ်ပြားအလွတ် ၂၅၀၀၊ ကတ်အတုတွေပြုလုပ်ရာမှာအသုံးပြုတဲ့ စက်တွေ၊ ပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဆက်လက်စစ်ဆေးချက်အရ ကတ်အတုတွေနဲ့ ထောက်ခံစာအတုတွေကို တစ်ဆင့်ရောင်းချပေးတဲ့ အမျိုးသာူတစ်ယောက်နဲ့ အမျိုးသမီးနှစ်ယောက်ကို ဇန်နဝါရီ၉ရက် ညနေပိုင်းမှာ ထပ်မံဖမ်းမိခဲ့ပြီး ရပ်ကွက်/ရဲစခန်းထောက်ခံစာအတုတွေကို မိတ္တူကူးပြီးရောင်းချတဲ့ အမျိုးသမီးတစ်ယောက်ကိုလည်း လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်၉ရပ်ကွက်မှာ ရဲစခန်းထောက်ခံစာမျိုးစုံအတု (အလွတ်) ၂၅၀၀၊ ရပ်ကွက်ထောက်ခံစာမျိုးစုံအတု (အလွတ်) ၈၀နဲ့ အသုံးပြုတဲ့စက်ပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် နိုင်ငံသားစိစစ်ရေးကတ်အတုတွေတစ်ဆင့်ပြန်လည်ရောင်းချဖို့စေခိုင်းတဲ့ အမျိုးသားကို ထန်းတစ်ပင်မြို့နယ်၊ ရိုးလေးကျေးရွာမှာ သွားရောက်ဖမ်းဆီးရာမှာတော့ အဲ့ဒီအမျိုးသားကိုမတွေ့ရဘဲ အစ်မဖြစ်သူကိုသာ နိုင်ငံသားစိစစ်ရေးကတ်အတုပြုလုပ်ရာမှာအသုံးပြုတဲ့ တံဆိပ်တုံးတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ဖမ်းမိထားတဲ့သူတွေရဲ့ ထွက်ဆိုချက်တွေအရ နိုင်ငံသားစိစစ်ရေးကတ်အတု၊ အလုပ်သမားမှတ်ပုံတင်ကတ်အတု၊ ရပ်ကွက်/ရဲစခန်းထောက်ခံစာအတုတွေကို ဖမ်းဆီးဖို့ကျန်တဲ့ အမျိုးသားနှစ်ယောက်က ပြုလုပ်ပေးပြီး နောက်ထပ်ဖမ်းဆီးဖို့ကျန်တဲ့ ပွဲစားဖြစ်သူအမျိုးသားတစ်ယောက်နဲ့ ချိတ်ဆက်ကာ ကတ်အတုတွေကို တစ်ကတ် ကျပ်၃၀၀၀နဲ့ တစ်ဆင့်ပြန်လည်ရောင်းချပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အခုဖြစ်စဉ်မှာဖမ်းမိတဲ့ အမျိုးသား၃ယောက်၊ အမျိုးသမီး၆ယောက်ကို ဥပဒေနဲ့အညီအရေးယူဆောင်ရွက်နေပြီး ဖမ်းဆီးဖို့ကျန်နေတဲ့သူတွေကိုလည်း ဖမ်းမိနိုင်ရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။