အခုနှစ်အတွင်း နယ်စပ်ဒေသတွေကတစ်ဆင့် တရားမဝင် တင်သွင်းတဲ့ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၂၄ တန် ကျော်ကို ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ သိရပါတယ်၊၊

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက် ညနေပိုင်းက လည်း ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးမှာ အမျိုးသားနှစ်ယောက် မောင်းနှင်တဲ့ ၁၂ ဘီးယာဉ်တွေပေါ်ကနေ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၂ တန်ခန့်ကို သိမ်းဆည်းရမိခဲ့ပြီး သယ်ဆောင် ရောင်းဝယ် ရာမှာ ပါဝင်သူတွေကိုလည်း ဖမ်းဆီရမိခဲ့တယ်လို့ သိရပါတယ်၊၊ အဲဒီလို တရားမဝင်တင်သွင်းခဲ့တဲ့ ထိန်းချုပ်ဓာတု ပစ္စည်း ကဖင်းတွေကို ဖမ်းဆီးရမိတဲ့အတွက် စိတ်ကြွရူးသွပ်ဆေးပြား ၃၃၆ သန်းကျော် ထုတ်လုပ်တာတွေကို တားဆီးကာကွယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်၊၊

ဒါ့အပြင် နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အေဂျင်စီတွေရဲ့ သုတေသနပြုချက်တွေအရ ကဖင်း တစ်တန်ကို အခြားဓာတုပစ္စည်းတွေနဲ့ ရောစပ်ပြီး စိတ်ကြွ ရူးသွပ်ဆေးပြား ထုတ်လုပ်မယ်ဆိုရင် ဆေးပြား ၁၄ သန်းခန့် ထုတ်လုပ်နိုင်တယ်လို့ သိရပါတယ်၊၊