ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အောက်မင်္ဂလာဒုံလမ်း၊ ဖော့ကန်ဈေးအရှေ့မှာ ဖေဖော်ဝါရီ ၁၃ ရက်၊ ညနေ ၃ နာရီကျော်အချိန်က သံချောင်းတင်လာတဲ့ တွဲကားက ဘရိတ်ပေါက်ကာ ကား ၃ စီးဆင့်တိုက်ပြီးနောက် လမ်းလျှောက်နေတဲ့ ကျောင်းသူကိုပါ ထပ်မံဝင်ရောက်တိုက်ခဲ့လို့ ကျောင်းသူ သေဆုံးခဲ့တယ်လို့ ကနောင် နာရေး/ရှင်ရေး ကူညီမှုအသင်း(အင်းစိန်)က တာဝန်ရှိသူတစ်ယောက်က One News ကို ပြောပါတယ်။

သေဆုံးခဲ့တဲ့ ကျောင်းသူဟာ အသက် ၁၅ နှစ်အရွယ်လောက်ရှိပြီး အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်မှာ နေထိုင် သူ ဖြစ်တယ်လို့ ဆိုပါတယ်။အခင်းဖြစ်နေရာဟာ ယာဉ်တိုက်မှု မကြာခဏဖြစ်ပွားလေ့ရှိတဲ့ နေရာဖြစ်ပြီး ပတ်ဝန်းကျင်မှာ ဈေး၊ ကျောင်း၊ ဆေးရုံနဲ့ ဆိုင်တွေ ရှိတဲ့အတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပေးလမ်းညွှန်ဆိုင်းဘုတ်တွေ ထားဖို့ လိုအပ် သလို ယာဉ်မောင်းတွေအနေနဲ့လည်း စည်းကမ်းရှိရှိနဲ့ မောင်းနှင်ဖို့ လိုအပ်တယ်လို့ ကနောင် နာရေး/ရှင်ရေး ကူညီမှုအသင်း(အင်းစိန်)က တာဝန်ရှိသူတစ်ယောက်က အကြံပြု ပြောပါတယ်။

သေဆုံးသူ ရုပ်အလောင်းကိုတော့ အင်းစိန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပြီး ယာဉ်မဆင်မခြင် မောင်းနှင် သူကို သက်ဆိုင်ရာ အင်းစိန်မြို့မရဲစခန်းမှာ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။