ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်မှာ ဆိုင်ကယ်ကယ်ရီမောင်းသူကို သတ်ပြီး အလောင်းဖျောက်သူ တွေကို ဖမ်းမိထားတယ်လို့ တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့ထံက သိရပါတယ်။
အသတ်ခံရသူမှာ တာချီလိတ်မြို့၊ ဆန်ဆိုင်း (ခ)ရပ်ကွက်၊ ဂိုဒင်းချယ်ရီဟိုတယ်ရှေ့ရှိ ဆိုင်ကယ်ကယ်ရီဂိတ်မှာ ပြေး ဆွဲနေတဲ့ ကယ်ရီမောင်းသူ ပြည့်ဖြိုးအောင် ဖြစ်ပြီး ဇန်နဝါရီ ၁၆ ရက်၊ မွန်းလွဲပိုင်းက နမ့်ခင်းရွာကို ဆိုင်ကယ်အဌား လိုက်သွားရာကနေ အဲဒီနေ့ ညနေပိုင်းထိ ဆက်သွယ်မရတာကြောင့် လိုက်လံစုံစမ်းရာက အသတ်ခံရတဲ့ဖြစ်စဉ် ပေါ် ပေါက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကျူးလွန်သူတွေကို ဖမ်းဆီးရမိရေး သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ခဲ့ရာ ကျူးလွန်သူ တစ်ယောက် ဖြစ်တဲ့ လုံပေါက် ကို ဇန်နဝါရီ ၁၇ ရက်၊ မွန်းလွဲပိုင်းမှာ ဖမ်းမိခဲ့တယ်လို့ တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့ထံက သိရပါတယ်။ဖမ်းမိသူရဲ့ ထွက်ဆိုချက်အရ ဆိုင်ကယ်ကယ်ရီမောင်းသူ ပြည့်ဖြိုးအောင်ကို သူနဲ့အတူ အပေါင်းအပါ အမျိုးသား နှစ်ယောက်က သတ်ပြီး အလောင်းကို မယ်ခေါင်မြစ်ဘေးမှာ ဖျောက်ခဲ့တယ်လို့ ဆိုပါတယ်။လက်ရှိမှာတော့ အခင်းဖြစ်ပွားရာနေရာကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကျူးလွန်သူနဲ့အတူ အလောင်းရရှိရေး သွားရောက်ရှာဖွေခဲ့ပြီး ကျူးလွန်သူတွေကိုလည်း အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။