ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း (က) ရပ်ကွက်မှာ တရားမဝင် အွန်လိုင်းလောင်းကစား နှင့် ငွေကြေးလိမ်လည်မှု (ကျားဖြန့်) ဆောင်ရွက်နေသူ ထိုင်းနိုင်ငံသား ၇ ယောက် အပါအဝင် စုစုပေါင်း ၂၉ ယောက်ကို ကွန်ပျူတာ အလုံး ၄၄၀ ၊ ဖုန်းအလုံး ၃၉၀ ၊ ယာဉ်နှစ်စီး နဲ့အတူ ဆက်စပ်ပစ္စည်းတွေနဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်က တာချီလိတ်မြို့၊ ဆန်ဆိုင်း (က) ရပ်ကွက်ရှိ ထိုင်းနိုင်ငံမှာ နေထိုင်သူ ဝယ်ဆန် ဌားရမ်းထား တဲ့ နေအိမ်မှာ အွန်လိုင်းလောင်းကစား တာဝန်ခံ မင်းကျော်၊ စကားပြန်လုပ်ကိုင်သူ ရီရီဖြိုး တို့ ၂ ယောက်အပါအဝင် အမျိုးသား ၁၁ ယောက်နဲ့ အမျိုးသမီး ၅ ယောက် စုစုပေါင်း ၁၆ ယောက်ကို တရားမဝင် အွန်လိုင်းလောင်းကစား ပြုလုပ်ရာမှာ အသုံးပြုတဲ့ လက်ပ်တော့ ၆၁ လုံး၊ Flat Desktop ၃၂၉ လုံး၊ System (CPU) အလုံး ၉၀ ၊ ဖုန်းမျိုးစုံ အလုံး ၉၀ ၊ လိုင်စင်မဲ့ မော်တော်ယာဉ် နှစ်စီး၊ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။လုံခြုံရေးပူးပေါင်းအဖွဲ့တွေက ဆက်လက်ရှာဖွေ ဖော်ထုတ်ခဲ့ရာ ဖေဖော်ဝါရီ ၁၃ ရက်၊ ညနေပိုင်းမှာလည်း ဆန်ဆိုင်း (က) ရပ်ကွက်မှာ နေထိုင်တဲ့ ထိုင်းနိုင်ငံသား အမျိုးသား ၇ ယောက် နဲ့ မြန်မာနိုင်ငံသား အမျိုးသား တစ်ယောက်၊ အမျိုးသမီး ၅ ယောက် စုစုပေါင်း ၁၃ ယောက်ကို ကွန်ပျူတာ အလုံး ၅၀၊ ဖုန်းမျိုးစုံ အလုံး ၃၀၀ ၊ ဘိန်းစာရွက်အစို ၁ ကီလိုခန့်စီပါ လေးထုပ်၊ ဘိန်းစာရွက်ပြုတ်ရည် ၁ လီတာပါ ၁၀ ဘူး နဲ့ ချောင်းဆိုး ပျောက် ဆေးရည် ပုလင်း ၃၀ တို့ နဲ့အတူ ထပ်မံဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒါကြောင့် တာချီလိတ်မြို့၊ ဆန်ဆိုင်း(က) ရပ်ကွက်မှာ နှစ်ရက်တာအတွင်း ဖမ်းဆီး ရမိမှုအနေနဲ့ တရားမဝင် အွန်လိုင်းလောင်းကစား နဲ့ ငွေကြေးလိမ်လည်လုပ်ကိုင်သူတွေဖြစ်ကြတဲ့ ထိုင်းနိုင်ငံသား အမျိုးသား ၇ ယောက်၊ မြန်မာနိုင်ငံသား အမျိုးသား ၁၂ ယောက်၊ အမျိုးသမီး ၁၀ ယောက် စုစုပေါင်း ၂၉ ယောက်နဲ့အတူ ကွန်ပျူတာ မျိုးစုံ အလုံး ၄၄၀၊ System (CPU) အလုံး ၉၀၊ ဖုန်းမျိုးစုံ အလုံး ၃၉၀ ၊ လိုင်စင်မဲ့ မော်တော်ယာဉ် ၂ စီး၊ ဘိန်းစာရွက်အစို ၁ ကီလိုခန့်စီပါ လေးထုပ်၊ ဘိန်းစာရွက်ပြုတ်ရည် ၁ လီတာပါ ၁၀ ဘူး နဲ့ ချောင်းဆိုး ပျောက်ဆေးရည် ပုလင်း ၃၀ တို့ နဲ့အတူ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့တာလို့ ထုတ်ပြန် ချက်အရ သိရပါတယ်။

ဖမ်းဆီးရမိသူတွေရဲ့ ထွက်ဆိုချက်အရ ထိုင်းနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံ တာချီလိတ်မြို့ကို အလည် အပတ် နဲ့ အလုပ်လုပ်ကိုင်ဖို့အတွက် အမှတ် (၁) ချစ်ကြည်ရေးတံတားကတစ်ဆင့် ဝင်ရောက်လာတာ ဖြစ်ပြီး တရားမဝင် အွန်လိုင်းလောင်းကစား နဲ့ ငွေကြေးလိမ်လည် လုပ်ကိုင်သူတွေက ဆက်သွယ်ခဲ့တဲ့အတွက် အခုလို လုပ်ကိုင်ခဲ့တာ ဖြစ်ကြောင်း ပေါ်ပေါက်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ဖြစ်စဉ်မှာ အွန်လိုင်းဂိမ်းလောင်းကစား ပိုင်ရှင်ဖြစ်သူ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ နေထိုင်တဲ့ ထိုင်းနိုင်ငံသား ဝယ်ဆန် နဲ့ သူရဲ့ ဇနီး ရန်ကျူး အပါအဝင် ဆက်စပ်ကျူးလွန်သူတွေကို အမြန်ဆုံး ဖမ်းဆီးရမိရေး လိုအပ်တဲ့ လုံခြုံရေးလုပ် ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ဒါ့အပြင် ဖမ်းဆီးရမိသူတွေကို စနစ်တကျ စိစစ်ဆောင်ရွက်နေပြီး ဥပဒေနဲ့အညီ တရားစွဲဆိုအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။