ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့မှာ ဧပြီ ၁၉ ရက် ညနေပိုင်းက ငွေကျပ် ၁ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့ လက်နက်ခဲယမ်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဧပြီလ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။ဧပြီ ၁၉ ရက် ညနေ ၃ နာရီခွဲအချိန်လောက်က တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမှာ သတင်းအရ စောင့်ဆိုင်းနေစဉ် မူးယစ်ဆေးဝါးအရောင်းအဝယ် ပြုလုပ်ဖို့ ရောက်ရှိလာတဲ့ အမျိုးသား ၄ ယောက်ကို မော်တော်ယာဉ် ၃ စီးနဲ့အတူ စိတ်ကြွရူးသွပ်ဆေးပြား ၆ သိန်းကျော်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်၊၊

စစ်ဆေးဖော်ထုတ်ချက်အရ အဲဒီနေ့ ည ၁၁ နာရီအချိန်လောက်က စိတ်ကြွရူးသွပ်ဆေးပြားတွေရောင်းချခဲ့သူ အမျိုးသားတစ်ယောက်ကို တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်ရှိ နေအိမ်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ သူ့ရဲ့ နေအိမ်အတွင်းကနေ စိတ်ကြွရူးသွပ်ဆေးပြား ၂၈၀၀၀ အပါအဝင် ပစ္စတိုသေနတ် ၃ လက်၊ ကျည်မျိုးစုံ ၇၂၈ တောင့်၊ မော်တော်ယာဉ် ၃ စီးတို့ကို ဆက်လက် ဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်း ကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၁၈ ဘီလီယံ တန်ဖိုး ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးရမိသူတွေကို ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူတွေကို ဆက်လက် ဖော်ထုတ်နေ ကာ မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်ရာက ရရှိတဲ့ ငွေကြေးအကျိုးအမြတ်တွေ၊ ပိုင်ဆိုင်မှုတွေကို ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနဲ့ ထပ်မံ အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်၊၊