ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ကနေ ရန်ကုန်တိုင်းဒေသကြီးကို သယ်ယူမယ့် ကျပ်သိန်း ၆၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား(၇)သိန်းကို ဇန်နဝါရီလ(၄)ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့က ဇန်နဝါရီလ(၁၄)ရက်မှာထုတ် ပြန်ပါတယ်။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်နေ့က တောင်ကြီးမြို့ တောင်လေးလုံးရွာအနီးမှာ တောင်ကြီးမြို့ ကနေ အောင်ပန်းမြို့ကို မောင်းနှင်လာတဲ့ ကားတစ်စီးပေါ်ကနေ စိတ်ကြွရူးသွပ်ဆေးပြား လေးသိန်းကို အရင် ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။ အဲဒီအမှုနဲ့ ဆက်စပ်ပြီး ဇန်နဝါရီ ၅ ရက်နေ့က မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကျွဲတပ်ဆုံရွာအနီးမှာ တောင်ကြီးကနေ ရန်ကုန်မြို့ကို မောင်းနှင်လာတဲ့ ကားတစ်စီးပေါ်ကနေ စိတ်ကြွရူးသွပ်ဆေး သုံးသိန်း ထပ်မံ ဖမ်းဆီးရမိခဲ့ပါတယ်။

ဒါ့အပြင်မူးယစ်ဆေးပြားတွေကို ရန်ကုန်မြို့မှာ ပြန်လည်ဖြန့်ဖြူးရောင်းချတဲ့သူသုံးယောက် ကိုလည်း ဖမ်းဆီးရမိခဲ့ပြီး ဥပဒေအရ အရေးယူထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။