ဆက်သွယ်ရေးလိမ်လည်မှု(ကျားဖြန့်)တွေ နှိမ်နင်းဖို့ မြန်မာ၊ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ် ၆ နိုင်ငံ ပါဝင်တဲ့ “ဇင်ယော်” တရားဥပဒေစိုးမိုးရေး ပူးပေါင်းလှုပ်ရှားမှု ဒုတိယပိုင်း စတင်သွားမယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၂၁ ရက်က တရုတ်နိုင်ငံ ကူမင်းမြို့မှာ “ဇင်ယော်” ပူးပေါင်း လှုပ်ရှားမှု ပြန်လည်သုံးသပ်ခြင်း အစည်းအဝေး ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက ကိုယ်စား လှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

“ဇင်ယော်” လှုပ်ရှားမှုဟာ နိုင်ငံအသီးသီးရဲ့ တရားဥပဒေစိုးမိုးရေး အရင်းအမြစ်တွေ စုစည်းထားပြီး ဒေသတွင်း ဆက်သွယ်ရေးလိမ်လည်မှုနဲ့ လက်နက်ခဲယမ်းမှောင်ခိုမှု တိုက်ဖျက်ရေးအတွက် ထိရောက်တဲ့ ပူးပေါင်းဆောင် ရွက်မှုအင်အားဖြစ်ကြောင်း၊ အစားထိုးလို့ မရတဲ့ ဒေသဆိုင်ရာ တရားဥပဒေစိုးမိုးရေး ပူးပေါင်း ဆောင်ရွက်မှု ပလက်ဖောင်းအနေနဲ့ ကောင်းမွန်စွာ ပါဝင်ခဲ့ကြောင်း၊ မျှော်မှန်းထားတဲ့ ရလဒ်တွေ ရရှိခဲ့ကြောင်း၊ ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ထိရောက်စွာ ကာကွယ်ပေးနိုင်ခဲ့ကြောင်း ဘက်အသီးသီးတို့က တညီ တညွတ်တည်း သဘောတူခဲ့ကြပါတယ်။

“ဇင်ယော်” တရားဥပဒေစိုးမိုးရေး ပူးပေါင်းလှုပ်ရှားမှုကို ဆောင်ရွက်ခဲ့ရာမှာ သက်ဆိုင်ရာ နိုင်ငံအသီးသီးကနေ ဆက်သွယ်ရေးလိမ်လည်မှုကို အဓိကထားတဲ့ ရာဇဝတ်အမှုပေါင်း ၁၆၀ ကို စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီး ကျူးလွန် သူပေါင်း ၇ သောင်းကျော်ကို ဖမ်းဆီးခဲ့ကာ ပြည်သူအယောက် ၁၆၀ ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ အဲဒါကြောင့် အခုနှစ်အတွင်း သင့်လျှော်သောအချိန်ကောင်းမှာ “ဇင်ယော်” ပူးပေါင်းလှုပ်ရှားမှု ဒုတိယအပိုင်းကို စတင်သွားမှာ ဖြစ်ပြီး ဆက်သွယ်ရေးလိမ်လည်မှုနဲ့ ကွင်းဆက်ရာဇ၀တ်မှုတွေကို အဆက်မပြတ် အာရုံစိုက် တိုက်ဖျက်သွား မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နိုင်ငံအသီးသီးက ပျောက်ဆုံး၊ ပိတ်လှောင်ခံ နေရတဲ့ ပြည်သူပြည်သားတွေကို အစွမ်းကုန် ကယ်ဆယ် သွားမှာဖြစ်ပြီး ဒေသတွင်း နိုင်ငံအသီးသီးက နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးနဲ့ ဒေသတွင်း လုံခြုံတည်ငြိမ်အေးချမ်းရေးတို့ကို လက်တွေ့ကျကျ ကာကွယ်စောင့်ရှောက်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။