မြန်မာနိုင်ငံမြောက်ပိုင်း “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်) လုပ်ကိုင်တယ်လို့ဆိုပြီးဖမ်းဆီးခဲ့တဲ့ တရုတ်နိုင်ငံသား ၃၀၀ ကျော်ကို “ဝ” အာဏာပိုင်တွေက တရုတ်နိုင်ငံဘက်ကို ဩဂုတ် ၁၆ ရက်ကလွှဲပြောင်းပေးခဲ့တယ်လို့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
သတင်းပေးပို့ချက်အရ ဩဂုတ် ၁၆ ရက်၊ မွန်းလွဲပိုင်းက စီးနင်းရှာဖွေပြီး အွန်လိုင်းတရားခံပြေး အယောက် ၂၀ အပါအဝင် နယ်စပ်ဖြတ်ကျော်အွန်လိုင်းလိမ်လည်မှုကျူးလွန်သူ စုစုပေါင်း ၃၀၇ ယောက်ကို ဖမ်းဆီးနိုင်ခဲ့ကာ တရုတ်ဘက်ကို နယ်စပ်ကနေလွှဲပြောင်းပေးလိုက်တာလို့သိရပါတယ်။
သံသယရှိသူတွေရဲ့ သက်သေအထောက်အထားတွေအားလုံးကိုလည်း တရုတ်နိုင်ငံ ယူနန်ပြည်နယ်က အာဏာပိုင်တွေထံ လွဲပြောင်းပေးခဲ့တယ်လို့ဆိုပါတယ်။ လက်ရှိမှာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေနဲ့ဆက်စပ်နေတဲ့ တရုတ်နိုင်ငံသားငါးသောင်းကျော်ကို မြန်မာကနေတရုတ်ဘက်ကို ပြန်လည်လွှဲပြောင်းပြီးဖြစ်သလို မြန်မာနိုင်ငံမြောက်ပိုင်းမှာ အွန်လိုင်းလိမ်လည်မှုဆိုင်ရာ ရာဇဝတ်မှုအခြေအနေတွေ တိုးတက်ကောင်းမွန်လာတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။