အွန်လိုင်းငွေလိမ်လည်မှု(ကျားဖြန့်) ကျူးလွန်သူတွေကို နိုင်ငံတော်အစိုးရ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း နှိမ်နင်းသွားမယ်လို့ ကရင်နယ်ခြားစောင့်တပ်(BGF)က ဇန်နဝါရီ ၂၂ ရက်က ထုတ်ပြန်ပါတယ်။

ကရင်နယ်ခြားစောင့်တပ်အနေနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ပြီး တရားဝင် စီမံကိန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလို ဆောင်ရွက်ရာမှာ အချို့သော မသမာတဲ့ ရင်းနှီးမြှုပ်နှံသူတွေဟာ ဒုစရိုက်မှုတွေကိုပါ ဆောင်ရွက်လာကြောင်း တွေ့ရှိရပြီး အဲဒီ ဒုစရိုက်မှု၊ မသမာမှု၊ လူကုန်ကူးမှုတွေကို လုံးဝ လက်မခံဘဲ တားမြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဲဒါကြောင့် ရာဇဝတ်မှု ကျူးလွန်သူတွေကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေးအတွက် ဒေသတွင်းမိတ်ဖက်အဖွဲ့အ စည်းတွေ၊ ဒေသအာဏာပိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံတော်အစိုးရ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ နိုင်ငံတကာ ကိုယ်စားလှယ်တွေနဲ့အတူ ပူးပေါင်း လက်တွဲဆောင်ရွက်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။ဒါ့အပြင် ဆက်သွယ်ရေးလိမ်လည်မှု(ကျားဖြန့်)တွေကို နှိမ်နင်းဖို့ မြန်မာ၊ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ် ၆ နိုင်ငံ ပါဝင်တဲ့ “ဇင်ယော်”တရားဥပဒေစိုးမိုးရေး ပူးပေါင်းလှုပ်ရှားမှု ဒုတိယပိုင်း စတင်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားတာ ရှိပါတယ်။