ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့မှာ ဒီဇင်ဘာလ ၁၄ ရက် ညနေပိုင်းက ငွေကျပ် ၅ ဒသမ ၇ ဘီလီယံ ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့က ဒီဇင်ဘာလ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဒီဇင်ဘာလ ၁၄ ရက် ညနေ ၅ နာရီအချိန်လောက်က ရှမ်းပြည် နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဝိန်းကျောက်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို သတင်းအရ ရှာဖွေရာမှာ အမျိုးသားတစ်ယောက်နဲ့အတူ စိတ်ပြောင်းဆေးဝါးတွေဖြစ်တဲ့ အိုက်စ်(မက်သ်အဖက်တမင်း) ၁၄၁ ကီလို၊ ကက်တမင်း ၂၃ ကီလိုနဲ့ အက်တက်စီဆေးပြား ၁၂၈၀၀၀ တို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်၊၊
စစ်ဆေးဖော်ထုတ်ချက်အရ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို ဆက်လက်ရှာဖွေရာမှာ နောက်ထပ် အမျိုးသားနှစ်ယောက်နဲ့အတူ စိတ်ပြောင်းဆေးဝါး Happy Water ၂ ကီလို၊ Happy-၅ ဆေးပြား ၁၆၀၀၀၊ အက်တက်စီအမှုန့် ၉ ကီလိုကို ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်၊၊

ဒီဖြစ်စဉ်မှာ စုစုပေါင်းဖမ်းဆီးရမိသူ သုံးယောက်ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူတွေကို ဆက်လက်စစ်ဆေး ဖော်ထုတ်နေတယ်လို့ သိရပါတယ်၊၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေးတွေကို ၂၀၁၃ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ အကြိမ်ပေါင်း ၄၀ ဆောင်ရွက်နိုင်ခဲ့ပြီး အခု၂၀၂၄ ခုနှစ်မှာလည်း Operation 39/24 အထူးစစ်ဆင်ရေးကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနကနေ သိရပါတယ်၊၊