ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်မှာ မေလ ၈ ရက် ညနေပိုင်းက ငွေကျပ် ၄ ဘီလီယံခွဲ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့က မေလ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မေလ ၈ ရက် ညနေ ၃ နာရီခွဲအချိန်လောက်က ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးမှာ မန္တလေးကနေ ဘားအံဘက်ကို အမျိုးသားတစ်ယောက် မောင်းနှင်လာတဲ့ ၁၂ ဘီးယာဉ်ကို သတင်းအရ ရှာဖွေခဲ့တယ်လို့ ဆိုပါတယ်၊၊အဲဒီလိုရှာဖွေရာမှာ ယာဉ်ပေါ်ကနေ ကာလတန်ဖိုးငွေကျပ် ၄ ဘီလီယံခွဲ တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၃၀ ကို ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်၊၊

စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေကို ရှမ်းပြည်နယ်ကနေ ကရင်ပြည်နယ်ကို သယ်ဆောင်ရောင်းဝယ်မှာဖြစ်ပြီး ဖမ်းဆီးရမိသူတွေကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်စစ်ဆေး ဖော်ထုတ်နေတယ် လို့ သိရပါတယ်၊၊