ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်မှာ ဇွန်လ ၁၀ ရက် မနက်အစောပိုင်းက ငွေကျပ် ၄ ဘီလီယံနီးပါး တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါး များအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့က ဇွန်လ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဇွန်လ ၁၀ ရက် မနက်အစောပိုင်း ၁ နာရီအချိန်လောက်က ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးမှာ ရန်ကုန်ကနေ ဘားအံကို အမျိုးသားတစ်ယောက် မောင်းနှင်လာတဲ့ မှန်လုံမော်တော်ယာဉ်ကို သတင်းအရ ရှာဖွေခဲ့တယ်လို့ ဆိုပါတယ်၊၊အဲဒီလိုရှာဖွေရာ ယာဉ်မောင်းထိုင်ခုံအောက်ကနေ အိုက်စ်(မက်သ်အဖက်တမင်း) ၁၂၅ ကီလိုကို ဖမ်းဆီးရမိခဲ့ ပါ တယ်၊၊ စစ်ဆေးဖော်ထုတ်ချက်အရ အဲဒီအိုက်စ်(မက်သ်အဖက်တမင်း)တွေကို ရန်ကုန်ကနေ ဘားအံကို သယ် ဆောင်ခိုင်းသူ အမျိုးသားတစ်ယောက်ကို အဲဒီနေ့ မနက် ၁၁ နာရီအချိန်မှာ ဘားအံမြို့နယ်၊ ခနမ်းဒိုကျေးရွာအနီး ဘားအံ-မြဝတီသွားကားလမ်းမှာ မော်တော်ယာဉ်တစ်စီးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်၊၊

ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)တွေကို ရန်ကုန်မြို့ကနေ တစ်ဆင့် မြဝတီမြို့ကို သယ်ဆောင်ရောင်းဝယ်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖမ်းဆီးရမိသူတွေကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်စစ်ဆေး ဖော်ထုတ်နေတယ်လို့ သိရပါတယ်၊၊