ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်မှာ မတ်လ ၁၀ ရက် မနက်ပိုင်းက ငွေကျပ် ၃ ဒသမ ၇ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့က မတ်လ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မတ်လ ၁၀ ရက် မနက် ၅ နာရီခွဲအချိန်လောက်က ပဲခူးတိုင်း ဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးမှာ မန္တလေးကနေ ဘားအံဘက်ကို အမျိုးသားတစ်ယောက် မောင်းနှင်လာတဲ့ ၂၂ ဘီးယာဉ်ကို သတင်းအရရှာဖွေခဲ့တယ်လို့ ဆိုပါတယ်၊၊ အဲဒီလိုရှာဖွေရာ ယာဉ်ရဲ့ရေတိုင်ကီအံဝှက်အတွင်း သိုဝှက်သယ်ဆောင်လာတဲ့ ကာလတန်ဖိုးငွေကျပ် ၃ ဒသမ ၇ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၅ ဒသမ ၃ သိန်း သိမ်းဆည်းရမိခဲ့ပါတယ်၊၊ စစ်ဆေးဖော်ထုတ် ချက်အရ သိမ်းဆည်းရမိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေကို ရန်ကြားရှော့(ခ)ကုလားက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်ကနေ ကရင်ပြည်နယ်၊ ဘားအံကို သယ်ဆောင်ခိုင်းတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်၊၊

ဖမ်းဆီးရမိသူကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်စစ်ဆေး ဖော်ထုတ်နေတယ်လို့ သိရပါတယ်၊၊ဒါ့အပြင် မတ်လ ၉ ရက် မနက်ပိုင်းကလည်း မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၃၀ ဒသမ ၈ ကီလိုနဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၅၄ သိန်းတို့ကို ဖမ်းဆီး ရမိခဲ့တယ်လို့လည်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့က မတ်လ ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။