မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်မှာ ကျပ်သိန်းပေါင်း ၄၃၅၄ သိန်းတန်ဖိုးရှိတဲ့ ရွှေထည်နဲ့ငွေတွေကို ခိုးယူသူနဲ့ ခိုးရာပါ ပစ္စည်းသိမ်းပေးသူ ဇနီးအပါအဝင် လေးယောက်တိုကို ဖမ်းမိခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ရေး အဖွဲ့က မေ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။ဖြစ်စဉ်ကတော့ ချမ်းအေးသာစံမြို့နယ်၊ ရန်မျိုးလုံရပ်ကွက်၊ လမ်း ၇၀ နဲ့ ၇၁ လမ်းကြား၊ ၃၂(B) လမ်းရှိ ၇ လွှာ တိုက်၊ မြေညီထပ် အခန်းတစ်ခုအတွင်းမှာ သိမ်းဆည်းထားတဲ့ ငွေသားကျပ်သိန်း ၂၀၀၀ နဲ့ ကျပ်သိန်းပေါင်း ၂၃၅၄ သိန်း တန်ဖိုးရှိတဲ့ ရွှေထည်တွေဟာ ဧပြီ ၁၈ ရက်က ပျောက်ဆုံးခဲ့ကြောင်း ပိုင်ရှင်ဖြစ်သူရဲ့ တိုင်တန်းချက်အရ သက်ဆိုင်ရာ ရဲစခန်းမှာ အမှုဖွင့်ပြီး ခိုးယူသူကို ဖမ်းမိရေး စုံစမ်းဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။

ပြစ်မှုကျူးလွန်သူ လွင်ကိုဦးကို နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ လက်ပံကျေးရွာက နေအိမ်မှာ ဧပြီ ၂၆ ရက်က သွားရောက်ဖမ်းဆီးရာ သူကို မတွေ့ရဘဲ သူရဲ့ ဇနီးဖြစ်သူ သင်းသင်းစိုးရဲ့ ထွက်ချက်အရ လွင်ကိုဦးဟာ ခိုးယူခဲ့တဲ့ ငွေနဲ့ တပ်ကုန်းမြို့မှာ ဆိုင်ကယ်တစ်စီး ဝယ်ယူခဲ့တယ်လို့ ဆိုပါတယ်။ ကျန်ခိုးရာပါ ငွေတွေနဲ့ ရွှေထည်တွေကို ဆာလာအိတ်နဲ့ ထုပ်ပြီး ဧပြီ ၂၁ ရက်က သင်းသင်းစိုးရဲ့ ဖခင်ဖြစ်သူ၊ ညီမဖြစ်သူ၊ ခဲအိုတို့နဲ့အတူ ကျင်းတူးပြီး မြှုပ်နှံ သိုဝှက်သိမ်းဆည်းခဲ့ကြောင်း စစ်ဆေးသိရှိရတဲ့အတွက် ဧပြီ ၂၆ ရက်မှာ သက်သေခံ ကျပ်သိန်း ၁၄၀၀ နဲ့ အလေး ချိန် ၉ ကျပ် ၁၀ ပဲ ၅ ရွေး ရှိ ရွှေထည်ပစ္စည်းမျိုးစုံတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါ တယ်။

ပြစ်မှုကျူးလွန်သူ လွင်ကိုဦးကိုတော့ ဧပြီ ၂၇ ရက်၊ ညနေပိုင်းမှာ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်က တည်းခိုခန်း တစ်ခုမှာ ရှာဖွေဖမ်းမိခဲ့ပြီး သူ့ဆီကနေ သက်သေခံငွေ ကျပ် ၁၂၇ သိန်း၊ ရွှေထည်ပစ္စည်းမျိုးစုံ၊ ဆိုင်ကယ်တစ်စီး၊ လွင်ကိုဦးရဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်ခု၊ လွင်ကိုဦး ဓာတ်ပုံကပ်ထားတဲ့ မျိုးသူအမည်ပါ နိုင်ငံသားစိစစ်ရေး ကတ်ပြားတစ်ခု၊ လက်ကိုင်ဖုန်း ၅ လုံးနဲ့အတူ တွေ့ရှိ သိမ်းဆည်းရမိခဲ့ပါတယ်။ ဖမ်းမိသူ လွင်ကိုဦးရဲ့ ထွက်ဆိုချက် အရ မန္တလေးမြို့ပေါ်မှာ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုကို အလုပ်ဝင်လုပ်ခဲ့စဉ် ဧပြီ ၁၈ ရက်က သူအလုပ်လုပ်ရာ နေရာအနီးရှိ ၇ လွှာတိုက် မြေညီထပ် အခန်းအတွင်း ဝင်ရောက်ကာ ငွေနဲ့ ရွှေထည်တွေ ခိုးယူခဲ့ကြောင်း၊ အဲဒီက တစ်ဆင့် တပ်ကုန်းမြို့ကို ခရီးသည်တင်ယာဉ်နဲ့ ပြန်လာပြီး ဇနီးဖြစ်သူကို ငွေ နဲ့ ရွှေထည်ပစ္စည်းတွေကို သိုဝှက် သိမ်းဆည်းထားခိုင်းခဲ့တယ်လို့ ပေါ်ပေါက်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ငွေနဲ့ရွှေထည်ပစ္စည်းတွေ ခိုးယူသူ လွင်ကိုဦးနဲ့ သက်သေခံ ပစ္စည်းတွေကို သိုဝှက်သိမ်းဆည်းပေးခဲ့သူ လွင်ကိုဦးရဲ့ ဇနီးဖြစ်သူ အပါအဝင် လေးယောက်တို့ကို ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ လည်း ထုတ်ပြန်ထားပါတယ်။