ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၇)ရပ်ကွက်၊ သီရိဇေယျာ(၁၈)လမ်းမှာ စက်တင်ဘာလ (၇)ရက်၊ မွန်းလွဲပိုင်းကကိုယ်ဝန်ဆောင်သည်အပ်ချုပ်သူအမျိုးသမီး ဓာထိုးခံရပြီးသေဆုံးခဲ့တယ်လို့ မေတ္တာသီတာရေစင်ပရဟိတအသင်းကနေသိရပါတယ်။
ဖြစ်စဉ်မှာ အထည်အပ်သူအမျိုးသမီးက အင်္ကျီချုပ်ပေးတာကို ပုံစံမကျလို့ အပြန်အလှန်စကားများရန်ဖြစ်ခဲ့ကြတာဖြစ်ပြီး ရန်ဖြစ်နေစဉ် အထည်အပ်သူအမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူက ကိုယ်ဝန်ဆောင်သည်အပ်ချုပ်သူနဲ့ သူရဲ့ဖခင်ကို ဓားနဲ့ဝင်ရောက်ထိုးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အပ်ချုပ်သူ ကိုယ်ဝန်ဆောင်သည်အမျိုးသမီးဟာ အသက်(၂၇)နှစ်အရွယ် ကိုယ်ဝန်(၃)လလွယ်ထားရသူဖြစ်ပြီး လည်ပင်းအောက်ကိုဓားထိုးခံခဲ့ရတာဖြစ်ကာ အသက်(၅ဝ)ဝန်းကျင်အရွယ် အဖေဖြစ်သူကတော့ ပြတ်ရှဒဏ်ရာရခဲ့ကြပါတယ်။
ဓားထိုးခံရတဲ့ ကိုယ်ဝန်ဆောင်သည်အပ်ချုပ်သူအမျိုးသမီးနဲ့ ထိခိုက်ဒဏ်ရာရရှိသူတို့ကို မေတ္တာသီတာရေစင်ပရဟိတအသင်းကစံပြပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပြီး ကိုယ်ဝန်ဆောင်သည်အပ်ချုပ်သူအမျိုးသမီးကတော့ စံပြပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူစဉ်သေဆုံးသွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။
အခင်းဖြစ်စဉ်က ကျူးလွန်သူကို ရဲတပ်ဖွဲ့ကဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးဖော်ထုတ်နေတယ်လို့လည်း တောင်ဥက္ကလာပမြို့မရဲစခန်းကနေသိရပါတယ်။