ကရင်ပြည်နယ် နယ်စပ်ဒေသ နဲ့ တိုင်းရင်းသားတွေရဲ့ ဘဝဖွံ့ဖြိုးမှုအတွက် ရာဇဝတ်မှု ကျူးလွန်သူ တွေကို လက်တွဲ တိုက်ဖျက်သွားကြဖို့ ကရင်နယ်ခြားစောင့်တပ် (BGF) က ဖေဖော်ဝါရီ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။ကရင်ပြည်နယ် နယ်စပ်ဒေသတွေမှာ ဆောင်ရွက်ခဲ့တဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေဟာ ကရင်နယ်ခြား စောင့်တပ်အနေနဲ့ ပါဝင်ရင်းနှီးမြှုပ်နှံတဲ့ အကျိုးတူလုပ်ငန်းရှင်အဖြစ် မဟုတ်ဘဲ မြေဌားရမ်းတဲ့ မြေရှင်သာ ဖြစ်တယ် လို့ ဆိုပါတယ်။

အဲဒီ အိမ်ရာစီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံသူတွေထံမှ ထပ်ဆင့်ဌားရမ်းတဲ့ လုပ်ငန်းရှင်အချို့ဟာ လိမ်လည်လှည့်ဖျား တာ လူကုန်ကူးတာ စတဲ့ အလုပ်တွေကို လုပ်ကိုင်ကြတဲ့အတွက် ကရင်နယ်ခြားစောင့်တပ်အနေနဲ့ အစိုးရ ၊ နိုင်ငံ တကာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းလက်တွဲပြီးတိုက်ဖျက်နှိမ်နင်းနေတယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။၂၀၂၃ ခုနှစ်ကနေ ဒီနေ့ထိ လူကုန်ကူးခံရသူပေါင်း ၂၀၀၀ ကျော်ကို သက်ဆိုင်ရာနိုင်ငံအလိုက် ဆက်သွယ်ပြီး နေရပ် ပြန်ပို့ဖို့ ကူညီဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ကာ ဆက်လက်ပြီးလည်း တရားမဝင် ရာဇဝတ်မှုတွေကို အစိုးရ၊ နိုင်ငံတကာ နဲ့ ပူးပေါင်းလက်တွဲတိုက်ဖျက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) အနေနဲ့ လူကုန်ကူးတာ ညှဉ်းပန်းနှိပ်စက်တာတွေကို လက်မခံဘဲ နိုင်ငံတကာ နဲ့ ပူးပေါင်းတိုက်ဖျက်သွားမယ်လို့လည်း ဖေဖော်ဝါရီ ၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။လူကုန်ကူးခံရသူတွေ ရှိကြောင်း နိုင်ငံတကာက အကူအညီတောင်းခံလာရင်လည်း ရှာဖွေပြန်ပို့ နေတယ်လို့ ထုတ် ပြန်ချက်မှာ ဖော်ပြထားပါတယ်။အခုလို နယ်စပ်ဒေသတွေမှာ ရာဇဝတ်မှုကျူးလွန်သူတွေကို ပူးပေါင်းတိုက်ဖျက်သွားမယ်ဆိုတဲ့အပေါ် အောင်မြင် အောင် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့လည်း ပြည်သူတစ်ယောက်ကလည်း ပြောပါတယ်။ အွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့ လုပ်ငန်းတွေကို နှိမ်နင်းဖို့အတွက် ထိုင်း-မြန်မာ နယ်စပ် ဒေသတွေ ဖြစ်တဲ့ မြဝတီ၊ ဘုရားသုံးဆူ၊ ရွှေကုက္ကိုလ် နဲ့ တာချီလိတ် နယ်စပ်မြို့တွေကို ထိုင်းနိုင်ငံဘက်က ဖေဖော်ဝါရီ ၅ ရက် မနက် ပိုင်းက စပြီး လျှပ်စစ်မီး ဖြတ်တောက်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တရားမဝင် အွန်လိုင်းလောင်းကစား နဲ့ ငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းတွေကို တာဝန်ရှိသူအဆင့်ဆင့် အနေနဲ့ တင်းတင်းကြပ်ကြပ် ပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်းဖို့ နဲ့ ပါဝင်ဆောင်ရွက်နေသူတွေအပြင် သက် ဆိုင်ရာ နယ်မြေအလိုက် တာဝန်ရှိသူတွေ ပတ်သက်နေမှု ရှိရင်လည်း အားလုံးကို ထိရောက်စွာ အရေးယူဆောင် ရွက်သွားမှာ ဖြစ်တယ်လို့လည်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၃ ရက်က ပြုလုပ် တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောကြားထားပါတယ်။