ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စု၊ ၁၆ မိုင်ကျေးရွာမှာ ငါးနှစ်အရွယ်ကလေးကို နှိပ်စက်ညှဉ်းပန်းခဲ့တဲ့ မွေးစားမိဘနှစ်ယောက်ကို အမှုဖွင့် ဖမ်းဆီးထားတယ်လို့ အုတ်တွင်းမြို့မရဲစခန်းက တာဝန်ရှိသူတစ်ယောက်က One News ကို ပြောပါတယ်။
ရိုက်နှက်နှိပ်စက်ခံရတဲ့ အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်ဟာ တောင်ငူမြို့ဆေးရုံမှာ ၃ ရက်ကြာတက်ရောက်ခဲ့ရပြီးနောက် အခုစက်တင်ဘာလ ပထမအပတ်အတွင်းက ကျေးရွာကို ပြန်လည်ရောက်ရှိချိန်မှာ ကလေးငယ်ရဲ့ အဖိုးဖြစ်သူက တွေ့ရှိခဲ့တာကြောင့် ခေါ်ယူမေးမြန်းရာမှာ ညှဉ်းပန်းနှိပ်စက်တဲ့ ဖြစ်စဉ်ပေါ်ပေါက်တာ ဖြစ်ပါတယ်။
ကလေးငယ်ဟာ ခန္ဓာကိုယ်အနှံ့အပြားမှာ ရိုက်နှက်နှိပ်စက်ခံရတဲ့ ဒဏ်ရာတွေ အများအပြား ရှိတယ်လို့လည်း တရားလို အဖိုးဖြစ်သူ ဦးကြည်စိုးက ပြောပါတယ်။

အမှုဖြစ်စဉ်ကိုတော့ Save The Trees Rescue Team အကူအညီနဲ့ စက်တင်ဘာလ ၂၅ ရက်က သက်ဆိုင်ရာ ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ နှိပ်စက်ညှဉ်းပန်းခဲ့တဲ့ မွေးစားမိဘနှစ်ယောက်ကို အမှုဖွင့် ဖမ်းဆီးထားတယ်လို့ အုတ်တွင်းမြို့မ ရဲစခန်းက တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။
လက်ရှိမှာတော့ ကျူးလွန်သူ မွေးစားမိဘနှစ်ယောက်ကို အုတ်တွင်းမြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၂၅/၃၂၆/ ၃၇၆/၁၁၄ တို့နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။