ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်မှာ အကြွေးမပေးဆပ်လိုတဲ့အတွက် အမျိုးသမီးကြီးတစ်ယောက်ကို လည်ပင်းညှစ်သတ်ပြီး ကျပ်သိန်းတစ်ထောင်နီးပါးတန်ဖိုးရှိတဲ့ ရွှေထည်၊ ဖုန်း၊ ငွေနဲ့ မြေအရောင်းအဝယ်စာချုပ် လုယက်ယူဆောင်သွားသူ အမျိုးသားလေးယောက်ကို ဖမ်းမိခဲ့တယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ဩဂုတ် ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။
အခင်းဖြစ်စဉ်ကတော့ ဩဂုတ် ၆ ရက်က သန်လျင်မြို့နယ်၊ သူဌေးကွင်းကျေးရွာနေ အသက် ၄၉ နှစ်အရွယ် အမျိုးသမီးကြီးတစ်ယောက်ဟာ နေအိမ်မှာတစ်ယောက်တည်းရှိနေစဉ် နေအိမ်အိပ်ခန်းအတွင်း ခုတင်ဘေးမှာ ဒဏ်ရာတွေနဲ့သေဆုံးနေတာကို စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

စစ်ဆေးချက်အရ နေအိမ်ဘီရိုနှစ်လုံးအတွင်းက ရွှေထည် ၁၀ ကျပ်သား၊ ကျပ်သိန်း ၃၀၀၊ ဖုန်း ၃ လုံး၊ မြေအရောင်းအဝယ်စာချုပ်တစ်စောင် စုစုပေါင်းကာလတန်ဖိုးကျပ် ၉၈၇ သိန်းလောက် ပျောက်ဆုံးနေတာကိုတွေ့ရှိရတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ကျူးလွန်သူတွေကို ဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်ခဲ့ရာ သန်လျင်မြို့နယ်၊သူဌေးကွင်းကျေးရွာ(အရှေ့ပိုင်း)၊ ရွှေနှင်းဆီလမ်းနေ အောင်အောင်ဦး(ခေါ်) မှဲ့ကြီး၊ သန်းဇော်ထွေး(ခေါ်)မိုးဒီ၊ အောင်ခန့်ဇော်(ခေါ်)ဖားကြီးနဲ့ ဟိန်းကိုကို(ခေါ်) ဟိန်းကို(ခေါ်) ကပ္ပလီတို့ လေးယောက်ကို ဩဂုတ် ၉ ရက်က သူတို့ရဲ့ နေအိမ်အသီးသီးမှာ သတ်ဖြတ်လုယက်မှု ကျူးလွန်ရာမှာရရှိတဲ့ သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့တာလို့ဆိုပါတယ်။
ဖမ်းမိသူတွေရဲ့ ထွက်ဆိုချက်အရ အောင်အောင်ဦး(ခေါ်) မှဲ့ကြီးဟာ သေဆုံးသူအမျိုးသမီးကြီးကို အကြွေးမပေးဆပ်လိုတာနဲ့ လောင်းကစားပြုလုပ်ရာမှာ ငွေကြေးလိုအပ်မှုတွေရှိနေတာကြောင့် လုယက်သတ်ဖြတ်ဖို့ ကျူးလွန်ရာမှာ ပါဝင်သူတွေနဲ့ ကြိုတင်တိုင်ပင်ကြံစည်ခဲ့တာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။
အမှုမှကျူးလွန်သူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အထူးအမှုစစ်ဖွဲ့စည်းပြီး ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး သန်လျင်မြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ် ၃၀၂/၃၉၂ နဲ့ အမှုဖွင့်လှစ် စစ်ဆေးနေတယ်လို့လည်းထုတ်ပြန်ထားပါတယ်။