ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ အောင်ပန်းနယ်မြေရဲစခန်း အချုပ်ဖောက်ပြေးသူ အချုပ်သား ၁၀ ယောက်အနက် ၂ ယောက်သာ ဖမ်းမိသေးတယ်လို့ ကလောမြို့နယ် ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

ဇန်နဝါရီ ၉ ရက်၊ မနက်အစောပိုင်းက အောင်ပန်းနယ်မြေရဲစခန်း အချုပ်ခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အချုပ် သား ၁၀ ယောက်ဟာ အချုပ်ခန်းသံတိုင်နဲ့ သစ်သားတိုင်တွေကို သံဖြတ်လွှနဲ့ ဖြတ်တောက်ပြီးတော့ ထွက်ပြေး သွားခဲ့တာလို့ ဆိုပါတယ်။လက်ရှိမှာ အချုပ်ခန်းဖောက်ပြေးသူတွေအနက် နှစ်ယောက်ကိုတော့ ဇန်နဝါရီ ၉ ရက်မှာပဲ ပြန်လည်ဖမ်းမိထားပြီး ကျန်သူတွေကတော့ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တယ်လို့ ကလောမြို့နယ်ရဲတပ်ဖွဲ့က တာဝန်ရှိသူတစ် ယောက်က ပြောပါတယ်။

အချုပ်ခန်းဖောက်ပြေးမှုနဲ့ပတ်သက်လို့ ထွက်ပြေးလွတ်မြောက်နေသူတွေကို ကလောခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီးတဲ့ အဖွဲ့က လိုက်လံရှာဖွေနေသလို အချုပ်ခန်း ဖောက်ပြေးရတဲ့ အကြောင်းရင်းကိုလည်း သက်ဆိုင်ရာက စုံစမ်း ဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။ အချုပ်ခန်းဖောက်ပြေးသူတွေထဲမှာ လူသတ်မှု၊ လုယက်မှု၊ ခိုးမှုတွေနဲ့ ဖမ်းဆီးခံထားရတဲ့ အချုပ်သားတွေ ပါဝင်တယ်လို့လည်း ကလောမြို့နယ်ရဲတပ်ဖွဲ့ကနေ သိရပါတယ်။