ရန်ကုန်တိုင်းဒေသကြီး လှိုင်နဲ့ လှည်းကူးမြို့နယ်တွေမှာ ကျပ်သိန်း ၈၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဇန်နဝါရီလ ၁၄ ရက် ညနေပိုင်းက လှိုင်မြို့နယ်၊ (၁၆)ရပ်ကွက်၊ မာလာမြိုင် (၆)လမ်းထိပ်မှာ သတင်းအရ အမျိုးသား ၃ ယောက်ကို ရှာဖွေစစ်ဆေးရာ သူတို့ရဲ့ ခရီးဆောင်အိတ်တွေအတွင်းကနေ အိုက်စ်(မက်သ် အဖက်တမင်း) ကီလို ၂၀ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်၊၊

ကွင်းဆက်ဖော်ထုတ်ချက်အရ ဇန်နဝါရီလ ၁၆ ရက်မှာ လှည်းကူးမြို့နယ်၊ ဒေါင်းမြီးကွက်ကျေးရွာမှာ အမျိုးသား ၂ ယောက်ကို စိတ်ကြွရူးသွပ်ဆေးပြား ၃ ဒသမ ၆၆ သိန်းနဲ့အတူ ဆက်လက် ဖမ်းဆီးရမိခဲ့ပါတယ်၊၊ ဇန်နဝါရီလ ၁၇ ရက်မှာ သိမ်းဆည်းရမိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေ ပိုင်ရှင်ဖြစ်တဲ့ အမျိုးသားတစ်ယောက်ကို နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းဈေးမှာ ထပ်မံ ဖမ်းဆီးရမိခဲ့ တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဖမ်းဆီးရမိသူ အမျိုးသား ၆ ယောက်ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်စစ်ဆေး ဖော်ထုတ်နေတယ်လို့ သိရပါတယ်၊၊