ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မင်္ဂလာမူဆယ်အိမ်ရာအနီးမှာ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား ၁၉၄ ယောက်နဲ့ မြန်မာနိုင်ငံသား ၃၅၅ ယောက် စုစုပေါင်း ၅၄၉ ယောက်ကို လက်နက်၊ ငွေကြေး၊ သက်သေ ခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။
ကျားဖြန့်လုပ်ငန်းတွေလုပ်ဆောင်နေတယ်ဆိုတဲ့သတင်းအရ မူဆယ်မြို့ကနေရာတွေကို တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့အုပ်ချုပ်ရေးအဖွဲ့ စတဲ့ ပူးပေါင်းအဖွဲ့က စက်တင်ဘာ ၂၃ ရက်နဲ့ ၂၄ ရက်နေ့တွေမှာ ဝင်ရောက်ဖမ်းဆီးစစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ တရုတ်နိုင်ငံသားတွေကို လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့အညီ တရုတ်နိုင်ငံကို ပြန်လည်လွှဲပြောင်းမှု ဆောင်ရွက်သွားမှာဖြစ်ပြီး ကျန်သူတွေကတော့ တရားဥပဒေအရအရေးယူဆောင်ရွက်မှုတွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။
လောင်းကစားလုပ်ရာမှာအသုံးပြုတဲ့ ဖုန်း ၅၈ လုံးအပါအဝင် ဆက်စပ်ပစ္စည်းတချို့နဲ့ ယွမ် ၇ သိန်းကျော်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။ မြန်မာနဲ့တရုတ်နှစ်နိုင်ငံအနေနဲ့ နယ်စပ်ဒေသတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။