မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၁၈ လမ်း နဲ့ ၁၉ လမ်းကြား၊ ၈၆ လမ်းရှိ တံဆိပ်ခေါင်းရောင်းတဲ့ နေအိမ်တစ်အိမ်မှာ ဩဂုတ် ၁၉ ရက်၊ ညနေပိုင်းက လူတစ်စုဟာ အိမ်ရှင်အမျိုးသမီးကြီးတစ်ယောက်ကိုသတ်ပြီး ရွှေထည်ပစ္စည်းတွေ လုယက်ယူဆောင်သွားမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းတွေဆီကသိရပါတယ်။
အခင်းဖြစ်စဉ်ကတော့ လူငယ်ပိုင်းအမျိုးသားနှစ်ယောက်နဲ့ အမျိုးသမီးနှစ်ယောက်တို့ စာချုပ်ဝယ်ယူမယ်လို့ ပြောဆိုကာ နေအိမ်ထဲဝင်ရောက်ပြီး အိမ်ရှင်အမျိုးသမီးကြီးကို ထိုးကြိတ်ရိုက်နှက်တာတွေပြုလုပ်ခဲ့တာကြောင့် အိမ်ရှင်အမျိုးသမီးကြီးမှာ သေဆုံးခဲ့တယ်လို့ဆိုပါတယ်။

အခင်းဖြစ်ချိန်က အိမ်ရှင်အမျိုးသမီးကြီးရဲ့ မောင်ဖြစ်သူလည်းရှိနေပြီး ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းကတာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ ကျူးလွန်သူတွေက အိမ်ရှင်အမျိုးသမီးကြီး ဝတ်ဆင်ထားတဲ့ရွှေဆွဲကြိုး၊ ရွှေနားကပ်၊ ရွှေလက်စွပ်၊ ရွှေလက်ကောက်နဲ့ ဟန်းချိန်းတစ်ခုတို့ကို လုယက်ယူဆောင်သွားပြီး လက်ရှိမှာ သက်ဆိုင်ရာက ကျူးလွန်သူတွေကိုဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့သိရပါတယ်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ (၁၆၆)လမ်းရှိ နေအိမ် ၄ လွှာ တိုက်ခန်း တစ်ခန်းမှာ ဩဂုတ် ၁၈ ရက်၊ ည ၈ နာရီလောက်က အဘွားအိုတစ်ယောက်တည်းရှိနေစဉ် အမျိုးသားနှစ်ယောက်ဝင်ရောက်လာပြီး လုယက်မှုကျူးလွန်နေစဉ် ရှစ်လွှာနေသမီးဖြစ်သူက ဝိုင်းဝန်းအကူအညီတောင်းလို့ ပတ်ဝန်းကျင်ကလိုက်လံဖမ်းဆီးရာ တစ်ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး ရွှေနဲ့ငွေသားအချို့တော့ လုယက်သူနောက် တစ်ယောက်ဆီပါသွားခဲ့တယ်လို့ မြန်မာမွတ်စလင်မ် ပရဟိတအဖွဲ့ဆီက သိရပါတယ်။