နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်အတွင်း ရှော့တိုက်ဒုံးတွေနဲ့ နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့သူ တွေကို ဖမ်းမိခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ဇူလိုင် ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။
လယ်ဝေးမြို့နယ်အတွင်း ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်၊ မနက်ပိုင်းက ပေါက်ကွဲသံတွေ ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးတပ် ဖွဲ့ဝင်တွေက သွားရောက် စစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့ရာ လယ်ဝေးမြို့နယ်၊ ကြံခင်းကျေးရွာ နဲ့ ကန်သာကျေးရွာ အနီးမှာ ရှော့တိုက်ဒုံး သုံးလုံး ကျရောက်ပေါက်ကွဲခဲ့တဲ့နေရာကို တွေ့ရှိရပြီး လူနဲ့ အဆောက်အအုံ ထိခိုက်ပျက်စီး မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။

အဲဒီ ဝန်းကျင်တစ်ဝိုက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စစ်ဆေးရှာဖွေမှုတွေကို ဆောင်ရွက်ခဲ့ရာ လယ်ဝေးမြို့နယ်၊ အောင်စေတနာကျေးရွာအနီးမှာ ရှော့တိုက်ဒုံးပစ်ခတ်ပြီး ပျက်စီးနေတဲ့ ဒုံးပစ်စင် လေးခု နဲ့ ပစ်ခတ်ဖို့ အသင့်တပ် ဆင်ထားတဲ့ ဒုံးပစ်စင် သုံးခုတို့ကို တွေ့ရှိခဲ့တဲ့အတွက် ပစ်ခတ်ခြင်း မရှိသေးတဲ့ ဒုံးသီးတွေကို သက်မဲ့ ပြုလုပ်ပြီး ပိတ်ဆို့စစ်ဆေးရှာဖွေမှုတွေ ဆောင်ရွက်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
ရှော့တိုက်ဒုံး ပစ်ခတ်ရာမှာ ပါဝင်သူ နှစ်ယောက်ဖြစ်တဲ့ လယ်ဝေးမြို့နယ်၊ သာဝတ္ထိသစ်ကြိမ်းအုပ်စု၊ ဟေမာန်ကျေး ရွာမှာနေထိုင်တဲ့ အမျိုးသား၂ယောက်ကို ကနဦး ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေး ချက်တွေအရ ဖြစ်စဉ်နဲ့ ဆက်စပ်သူ ၁၅ ယောက်ကိုလည်း လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆောင်ရွက်နေကြောင်း နဲ့ ဖမ်းဆီးရမိ ကျူးလွန်သူတွေကို ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။