မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်က ချောင်ချောင် ရွှေဆိုင်ပိုင်ရှင်နေအိမ်မှာ ဓားပြတိုက်မှု ကျူးလွန် သူ အမျိုးသား ၆ ယောက်ကို သက်သေခံပစ္စည်း ရွှေ ၁၀ ပိဿာကျော်၊ ကျပ်သိန်း ၁၀၀၀ နဲ့အတူ ဖော်ထုတ်ဖမ်းဆီး ရမိတယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က စက်တင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။
အခင်းဖြစ်စဉ်က တော့ စက်တင်ဘာ ၁၀ ရက်၊ မနက် ၈ နာရီလောက်က ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁) ရပ်ကွက်၊ ၇၁ လမ်း နဲ့ ၁၀၁ (B) လမ်းထောင့်နေ ချောင်ချောင် ရွှေဆိုင်ပိုင်ရှင်နေအိမ်မှာ ဖြစ်ပွားခဲ့တာပါ။

ကျူးလွန်သူတွေကို ဖော်ထုတ် ဖမ်းဆီးရမိရေး အထူးအမှုစစ်အဖွဲ့နဲ့ စုံစမ်းဖော်ထုတ်ခဲ့ရာ စက်တင်ဘာ ၁၄ ရက်၊ ည ၉ နာရီခွဲမှာ ဓားပြတိုက်ရာမှာ ပါဝင်တဲ့ ပုသိမ်ကြီးမြို့နယ်၊ ကုန်းတန်းရပ်ကွက်နေ ခင်မောင်စိုးကို ဖမ်းမိခဲ့ပြီး သူနဲ့ အတူ ဓားပြတိုက်ရာမှာ နိုင်မင်းဝေ(ခေါ်) ကုလား(ခေါ်) ကျော်ကြီး၊ ကျော်စိုးမင်းထွန်း(ခေါ်) ညီညီစိုး၊ ဇင်ကိုကိုကျော် (ခေါ်)ကရင်ကြီး၊ အောင်ဇော်ထွန်း(ခေါ်) အငယ်ကောင်၊ လှိုင်းထက်အောင်(ခေါ်)တောဝက်(ခေါ်) ဝက်ကလေးနဲ့ ချမ်းသာ(ခေါ်) ရွှန်းထက်မောင်တို့ ၇ ယောက်က ကျူးလွန်ခဲ့တာဖြစ်ကြောင်း ဖော်ထုတ်သိရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
ဓားပြတိုက်မှုကျူးလွန်သူ ၇ ယောက်ထဲက ၆ ယောက်ကို ဖမ်းဆီးရမိထားပြီး ထွက်ပြေး လွတ် မြောက်နေတဲ့ ချမ်းသာ(ခေါ်) ရွှန်းထက်မောင်ကို ဖော်ထုတ်ဖမ်းမိရေး ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။