
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်မှာ ဇွန်လ၈ရက်က ငွေကျပ် ၅ဒသမ၇ဘီလီယံ တန်ဖိုးရှိတဲ့ အိုက်စ်(မက်သ်အဖက်တမင်း)နဲ့ကတ်တမင်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့က ဇွန်လ၁၂ရက်မှာ ထုတ်ပြန်ပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ကျိုင်းတုံ-တာချီလိတ်ကားလမ်းနဲ့ မြို့ရှောင်လမ်းဆုံနေရာမှာ တာချီလိတ်ဘက်ကိုမောင်းနှင်လာတဲ့ယာဉ်တစ်စီးကို စစ်ဆေးဖို့ရပ်တန့်ခိုင်းရာမှာ မောင်းနှင်ထွက်ပြေးသွားတာကြောင့် လိုက်လံဖမ်းဆီးရာမှာ အဲ့ဒီယာဉ်ဟာ လမ်းဘေးရေမြောင်းထဲကို ထိုးကျတိမ်းမှောက်သွားတယ်လို့ ဆိုပါတယ်။
အဲ့ဒီယာဉ်ပေါ်က အမျိုးသားတစ်ယောက်ကို ဖမ်းမိခဲ့ပြီး ယာဉ်မောင်းကတော့ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ဆိုပါတယ်။
ယာဉ်ကိုရှာဖွေရာမှာတော့ ငွေကျပ် ၅ဒသမ၇ဘီလီယံ တန်ဖိုးရှိတဲ့ အိုက်စ်(မက်သ်အဖက်တမင်း)နဲ့ကတ်တမင်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ ယာဉ်ပိုင်ရှင်ကို ဇွန်လ၉ရက်၊ မနက်၁နာရီက ကျိုင်းတုံမြို့မှာ ဖမ်းမိခဲ့ပြီး ဆက်စပ်ဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးတွေကို ကွန်ဟိန်းမြို့နယ်ကနေ တာချီလိတ်မြို့နယ်ကို သယ်ဆောင်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဖမ်းမိထားသူ၂ယောက်ကို ဥပဒေအရအရေးယူထားပြီး ကွင်းဆက်ကျူးလွန်သူတွေကို ဆက်လက်စစ်ဆေးဖော်ထုတ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။